တိုင်းကျိုးပြည်ပြု စာရေးဆရာများကို ဂုဏ်ပြုအပ်ပါသည်

တိုင်းကျိုးပြည်ပြု စာရေးဆရာများကို ဂုဏ်ပြုအပ်ပါသည်

မိမိတို့တိုင်းပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းကြသူများထဲတွင် စာရေးဆရာများရဲ့ အရေးပါမှုသည် ကြီးမားလှပါသည်။

စာရေးဆရာ များ သည် သူတို့ဖွဲ့ဆိုရေးသားသည့် စာပေများထဲ၌ စာဖတ်သူများအပေါ် စေတ နာထား ရေးသားကြရသည်သာဖြစ်သည်။ စာဖတ်သူဆိုသည်မှာ ပြည်သူအများပင်ဖြစ်သည်။ ထိုပြည် သူများအပေါ် စေတနာထားရေးသားသည့်စာပေများထဲ၌ ပြည်သူများ သိသင့်သိထိုက်သည်များ၊ ခံစားသင့် ခံစားထိုက်သည်များကို သူတို့၏ စာရေးမှုအတတ်ပညာဖြင့် ဆွဲဆောင်စည်းရုံး မျှဝေကြ ခြင်းဖြင့် စာဖတ်သူပြည်သူများအနေဖြင့် သုတရသများကို လက်ခံရရှိကြရပေသည်။

စာပေဆိုသည်မှာ လူတို့အကြောင်း ပင်မထားရေးသားသည့် အနုပညာလုပ်ငန်းတစ်ခု ဖြစ်သည်။ စာရေးဆရာများသည် ယင်းလူတို့အကြောင်း ရေးသားကြသည့်အခါ လူတို့၏ စားဝတ် နေရေးနောက်ခံဖြင့် ဇာတ်ကောင်အမျိုးမျိုး ဖန်တီးယက်ရှယ်ကာ လူသားအကျိုးပြု သို့မဟုတ် တိုင်းပြည်နှင့် လူမျိုးအကျိုးပြုစာပေများ ပြုစုရေးသားခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုး လေးစားချစ်ခင် သည့် ပြည်သူ့စာရေးဆရာများ   ဖြစ်လာကြရလေသည်။

ထို့ပြင် စာရေးဆရာများသည် တိုင်းပြည်နှင့်လူမျိုး တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်း ပေါင်းစုံကို သူတို့၏ စာပေဖြင့် လမ်းညွှန်ကြရသည့် မဟာတာဝန်ကိုလည်း ထမ်းဆောင်ကြသူများဖြစ် သဖြင့် ယင်းသို့သော စာရေးဆရာများကို လူထုရှေ့ဆောင် လမ်းညွှန်ပုဂ္ဂိုလ်များအဖြစ်လည်း အသိအမှတ်ပြုကြရမည် ဖြစ်သည်။

 သို့သော် လူထုက ချစ်ခင်လေးနက်ရသည့် စာရေးဆရာ အများစု၏ဘဝများမှာ ကြမ်းတမ်း တတ်ကြပြန်ပါသည်။ ဥပမာ ကွယ်လွန်သူ အမျိုးသားစာပေဆုရ စာရေးဆရာ မောင်သာရကို ဥပမာပေးရမည်ဆိုလျင် သူသည် ပြည်သူချစ်သော စာရေးဆရာဘဝကို ရောက်ရှိဖို့ တနည်းအားဖြင့် စာဖတ်သူများ စာကောင်းပေမွန် ဖတ်ရှုခွင့်ရဖို့ အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရသည်များ ရှိသလို ဆင်းရဲပင်ပမ်းစွာ နေထိုင်ခဲ့ရသည်များလည်း ရှိခဲ့ရပါသည်။ နောက်ဆုံး မိခင်တိုင်းပြည်မှ ထွက်ခွာကာ ပြည်ပတွင် နေထိုင်ခိုလှုံရင်း ပြည်ပတွင်ပင် ခေါင်းချသွားရသည်အထိ ဘဝဇာတ်လမ်း ကြမ်းတမ်းခဲ့သူ ဖြစ်သည်။

 သည်နေရာတွင် လူထုအကျိုးပြုစာရေးဆရာများကို လူထုက ချစ်ခင်လေးစားကြသော်ငြား လည်း မိမိတို့တိုင်း အာဏာရှင်အဆက်ဆက်ကမူ ထို ပြည်သူချစ်သော ပြည်သူ့စာရေးဆရာများကို တချိန်လုံး ဖိနှိပ်နှောက်ယှက်နေခဲ့ကြသည်သာဖြစ်သည်။ သူတို့က စာရေးဆရာများကို ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကျဆင်းအောင်၊ ဆင်းရဲဒုက္ခရောက်အောင်၊ နည်းမျိုးစုံ အသုံးပြုကြိုးပမ်းခဲ့ကြသော်ငြား လည်း ပြည်သူ့စာရေးဆရာများသည် တစ်ယောက်ပြီးတစ်ယောက် ခေတ်အဆက်ဆက် ပြည်သူ့အ ကျိုးပြုစာပေများကို တစိုက်မတ်မတ်သာ ဆက်လက်ရေးသားပြုစုနေခဲ့ကြသည်ချည်းသာ ဖြစ်သည်။

 ခေတ်အဆက်ဆက် အာဏာရှင်အုပ်စိုးသူ အစိုးရများသည် သူတို့၏ အခွင့်အာဏာနှင့် စည်းစိမ်းဥစ္စာများ မထိပါးစေရေးအတွက် ပြည်သူ့စာရေးဆရာများကို တဖက်က ဖိနှိပ်ထားသည်နှင့် တချိန်တည်းမှာပင် သူတို့အကျိုး တိုးပွားအောင် ရေးသားပေးကြမည့် လူတစ်စုကောင်းစားရေး စာရေး ဆရာများစွာကိုလည်း မွေးထုတ်ခြင်း၊ ချီးမြှောက်အားပေးခြင်း ပြုလုပ်ကြသေး၏။ ထို လူတစ်စုကောင်း စားရေးဆရာများမှာ အနည်းစုသာဖြစ်သော်ငြားလည်း အုပ်စိုးသူက မျှဝေချီးမြှင့်သည့် ဆုတော်လဒ် တော်များအပေါ် သာယာနေတတ်ကြ၏။

  ပြည်သူ့စာရေးဆရာများသည်မူ အာဏာရှင်အဆက်ဆက် လူထုကောင်းကျိုးကိုသာ ရှေ့ရှုခဲ့ ကြပြီး အုပ်စိုးသူအဆက်ဆက်က ကမ်းလှမ်းသည့် လူတစ်စုကောင်းစားရေးစာပေများကိုမူ ကိုယ်ကျိုး စွန့်ကာ ဆန့်ကျင်ငြင်းပယ်ပုတ်ချခဲ့ကြ၏။ ထို့ကြောင့် အုပ်စိုးသူအဆက်ဆက်၏ ငြိုငြင်မှု အငြိုးထားမှု ဖြင့် အကျဉ်ထောင်များနှင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို မျက်မှောက်ပြုကြတော့သည်။ သို့သော် လူထုအ ကျိုးပြုစာရေးဆရာများမှာ စိုးစဉ်းမျှ နောက်မတွန့်ခဲ့ကြပါပေ။

ထို့ကြောင့် လူထုအကျိုးပြု တိုင်းပြည်အကျိုးပြု စာရေးဆရာများအား မဇ္ဈိမက အလေးအနက် ထား ဂုဏ်ပြုပါကြောင်းနှင့် ကွယ်လွန်သူ စာရေးဆရာ မောင်သာရအတွက် ဝမ်းနည်းကြေကွဲရပါ ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly