ပါကစ္စတန်၏ စီးပွားရေးအခြေအနေမဟန်သောကြောင့် တင်းကျပ်စွာ ဆောင်ရွက်ရန် IMF တိုက်တွန်း

ပါကစ္စတန်၏ စီးပွားရေးအခြေအနေမဟန်သောကြောင့် တင်းကျပ်စွာ ဆောင်ရွက်ရန် IMF တိုက်တွန်း

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးအခြေအနေက ဖရိုဖရဲဖြစ်နေသလို ငွေချေးယူမှုနှင့် ကြွေးမြီ အဆင့်အတန်း သတ်မှတ် သည့် အေဂျင်စီများဖြစ်သော Fitch နှင့် Moody တို့ကလည်း အဆိုပါနိုင်ငံကို အဆင့်သတ်မှတ်ချက် လျှော့ချထားခဲ့ပြီးနောက် ပါကစ္စတန်အစိုးရအနေဖြင့် ရူပီး ၆၀၀ ဘီလီယံ တန်ဖိုးရှိ ထပ်တိုး အခွန်အကောက်များ စည်းကြပ်ရန် လိုအပ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တိုက်တွန်းထားသည်ဟု Express Tribune မီဒီယာက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြသည်။

ပါကစ္စတန်အာဏာပိုင်တို့အနေဖြင့် နိုင်ငံ၏ ဂျီဒီပီ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်သည့် ရူပီး ၆၀၀ ဘီလီယံခန့်နှင့် ညီမျှသော ထပ်တိုး အခွန်ဘဏ္ဍာ အစီအမံများ ချမှတ်လုပ်ဆောင်သွားရနိုင်ကြောင်း IMF က ခန့်မှန်းထားသည်။

ထို့ပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့တစ်ခုထံ အစီရင်ခံရန် ပါကစ္စတန်အစိုးရကို IMF က တိုက်တွန်းထားသလို နောက်ထပ် သတ်မှတ်ချက်တချို့ကိုလည်း အဆိုပြုထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Express Tribune မီဒီယာက ဖော်ပြသည်။

ပါကစ္စတန် ဗဟိုဘဏ် (SBP) ၏ နိုင်ငံခြားအရန်ငွေက လက်ရှိတွင် ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံအဖြစ် ရှိနေသော်လည်း အဆိုပါ ငွေကြေးစုစုပေါင်းအနက် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံသည် တရုတ်က ထုတ်ချေး ပေးထားခြင်း ဖြစ်ပြီး ဒေါ်လာ ၃ ဘီလီယံကို ဆော်ဒီ အာရေးဗျက ချေးပေးထားကာ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံသည် IMF ထံမှ ရထားခြင်း ဖြစ်ကြောင်း Dawn သတင်းစာတွင် ထုတ်ပြန်သည့် အကဲဖြတ်ချက်တစ်ခုတွင် ဖော်ပြသည်။

ပါကစ္စတန်သည် ၂၀၂၂ ဘဏ္ဍာနှစ်က ပြည်ပမှ လွှဲပြောင်းပေးငွေ ဒေါ်လာ ၃၀ ဘီလီယံခန့်ကို လက်ခံရရှိခဲ့သော်လည်း ယင်းအနေဖြင့် စာရင်းရှင် လိုငွေပြမှုကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သလို ပြည်ပသို့ ပေးဆပ် ရမည့် ငွေကြေးများကို ပေးချေနိုင်ရန် ယခု ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၂ ဘီလီယံခန့် လိုအပ်နေဆဲဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly