အာဖဂန်နစ္စတန်က ကမ္ဘာ့ မလုံခြုံဆုံး နိုင်ငံ ဖြစ်လာဟု အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

အာဖဂန်နစ္စတန်က ကမ္ဘာ့ မလုံခြုံဆုံး နိုင်ငံ ဖြစ်လာဟု အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

တာလီဘန် အုပ်ချုပ်မှုအောက် ရောက်ရှိနေသည့် အာဖဂန်နစ္စတန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရပ်မနား ဖြစ်ပွားနေစဉ် အဆိုပါ စစ်ဒဏ်သင့် နိုင်ငံသည် ကမ္ဘာပေါ်တွင် မလုံခြုံဆုံးသော နိုင်ငံအဖြစ် ရပ်တည်နေကြောင်း နိုင်ငံတကာ စစ်တမ်းကောက်ယူသည့် Gallup အဖွဲ့၏ အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး Khaama Press မီဒီယာက ဖော်ပြသည်။

စစ်တမ်းတွင် နိုင်ငံသား ပြည်သူများ၏ ဘေးကင်း လုံခြုံမှုအပေါ် အခြေခံပြီး နိုင်ငံပေါင်း ၁၂၀ ခန့်ကို အကဲဖြတ် ချင့်တွက်ခဲ့သည်။

အာဖဂန်နစ္စတန်သည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းတွင် ကမ္ဘာ့ မငြိမ်းချမ်းဆုံး နိုင်ငံအဖြစ် ၅နှစ်ကြာ ဆက်လက် ရပ်တည်နေခဲ့ပြီးနောက် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး ခံစားရမှု အခြေအနေ သို့မဟုတ် ယခင်နှစ်အတွင်း ခိုးမှု သို့မဟုတ် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတို့ ဖြစ်လွယ်ခဲ့ခြင်း ရှိ၊ မရှိ အပေါ် အခြေတည်ပြီး စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ကာ အာဖဂန်နစ္စတန်သည် ရမှတ် ၅၁ မှတ် ရခဲ့သည်။

၂၀၂၁ ခုနှစ်က ရမှတ်နည်းခဲ့သော်လည်း အာဖဂန်နစ္စတန်၏ ရမှတ်သည် ၂၀၁၉ ခုနှစ်က ရမှတ် ၄၃ မှတ် ရခဲ့မှုနှင့် ယှဉ်ပါက တိုးတက်လာခဲ့ကြောင်း Gallup ၏ စစ်တမ်းတွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် အမေရိကန်တပ်ဖွဲ့များ အဆိုပါနိုင်ငံမှ ထွက်ခွာသွားချိန် Gallup က စစ်တမ်းများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်း အစီရင်ခံစာတွင် စင်္ကာပူက ရမှတ် ၉၆ မှတ်ဖြင့် အလုံခြုံဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required