ပါကစ္စတန် ဂျာနယ်လစ် ကင်ညာတွင် အသတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ကုလ တောင်းဆို

By Devdiscourse
30 October 2022
ပါကစ္စတန် ဂျာနယ်လစ် ကင်ညာတွင် အသတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ကုလ တောင်းဆို

နာမည်ကျော် ပါကစ္စတန်ဂျာနယ်လစ် အာရှက်ဒ် ရှာရစ် ပြီးခဲ့သည့်ရက်ပိုင်းက ကင်ညာနိုင်ငံတွင် အသတ်ခံရမှုဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်လိုက်ပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စေ့စပ်သေချာသော စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး ကင်ညာအာဏာပိုင်များကို တောင်းဆိုထားကြောင်း Dawn သတင်းစာက အောက်တိုဘာ ၂၆ ရက်တွင် ဖော်ပြသည်။

ပါကစ္စတန် ဂျာနယ်လစ် ရှာရစ်သည် အောက်တိုဘာ ၂၄ ရက်က ကင်ညာနိုင်ငံတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

“အာရှက်ဒ် ရှာရစ် သေဆုံးတဲ့ ဝမ်းနည်းဖွယ်သတင်းကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်အပေါ် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်။ ကင်ညာ အာဏာပိုင်တွေကလည်း သူတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုပြီး ပြောပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်နီ ဒူဂျာရစ်က ဂျာနယ်လစ်များကို ပြောသည်။

ပါကစ္စတန် ဂျာနယ်လစ် အသတ်ခံရမှုဖြစ်စဉ်အပေါ် အမေရိကန်ကလည်း အောက်တိုဘာ ၂၅ ရက်တွင် အပြင်းအထန် ရှုတ်ချခဲ့ပြီး ထိုဖြစ်စဉ်အပေါ် ကင်ညာအစိုးရဘက်က အပြည့်အဝ စုံစမ်းစစ်ဆေးသွားရေး တောင်းဆိုခဲ့သည်။ ဂျာနယ်လစ် ရှာရစ် သေဆုံးမှုအတွက် မိသားစုဝင်များ၊ ချစ်ခင်ရသူများ၊ ရင်းနှီးသိကျွမ်းသူများနှင့် ထပ်တူဝမ်းနည်းရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောသည်။ “အာရှက်ဒ် ရှာရစ် သေဆုံးမှုအတွက် မိမိတို့ အလွန်တရာ စိတ်ထိခိုက် ဝမ်းနည်းရပါတယ်” ဟု ပရိုက်စ်က ပြောသည်။

ဂျာနယ်လစ်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း နက်ဒ် ပရိုက်စ်က ပြောသည်။ “သူရဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာတစ်ဝန်းက သိထားပါတယ်” ဟု ပရိုက်စ်က အာရှက်ဒ်၏ အလုပ်ကို ချီးကျူးသည်။ “သူ ဘာကြောင့် အသတ်ခံရတာလဲ ဆိုတာနဲ့ပတ်သက်လို့ ခုချိန်မှာ ကျွန်တော်တို့ သိထားသမျှ အခြေအနေအားလုံးအရ လုံးလုံးလျားလျား မရှင်းလင်းသေးပါဘူး။ ဒါပေမယ့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု နက်ဒ် ပရိုက်စ်က ပြောကြောင်း The Nation က ဖော်ပြသည်။

ဂျာနယ်လစ် အာရှက်ဒ် ရှာရစ်၏ ဇနီး ဂျာဗာရီးယား ဆစ်ဒီကွီးက ခင်ပွန်းဖြစ်သူ ကင်ညာနိုင်ငံတွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်က ထုတ်ဖော်ခဲ့သည်။ “ကျွန်မရဲ့ ခင်ပွန်းကို ဒီနေ့မှာပဲ ဆုံးရှုံးလိုက်ရပါပြီ။ သူဟာ ကင်ညာနိုင်ငံမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအချိန်မှာ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာအပေါ် အလေးထားပေးပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ မိသားစုရဲ့ ဓာတ်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေနဲ့ ဆေးရုံပေါ်က သူ့ရဲ့ နောက်ဆုံး ဓာတ်ပုံတွေကို လိုင်းပေါ်မှာ မတင်ကြပါနဲ့” ဟု ရှာရစ်၏ ဇနီးက တွစ်တာတွင် ရေးသည်။

အကြီးတန်း ဂျာနယ်လစ် အာရှက်ဒ် ရှာရစ် ကင်ညာနိုင်ငံတွင် အသတ်ခံရမှုအတွက် ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ ဂျာနယ်လစ်တချို့နှင့် နိုင်ငံရေးသမားက ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ကလည်း သေဆုံးသွားသည့် ဂျာနယ်လစ်၏ မိခင်ဖြစ်သူထံ ဖုန်းဆက်ပြီး မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြောင်း ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly