ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်ပေမယ့် ဘယ်ချိန်ဆိုတာ မသိသေးဘူး - ခရူးစ်

ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်ပေမယ့် ဘယ်ချိန်ဆိုတာ မသိသေးဘူး - ခရူးစ်

ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူးစ်က သူဟာ စပိန်ကလပ်မှာ အနားယူမှာဖြစ်ပေမယ့် သူ့ရဲ့စာချုပ်သက်တမ်းမှာ ၂၀၂၃၊ ဇွန်မှာ ကုန်ဆုံးချိန်မှာ ဖြစ်မလာနိုင်ဘူးလို့ ပြောပါတယ်။

ဇန်နဝါရီလမှာ အသက် ၃၃ နှစ်ပြည့်မယ့် ဂျာမန်သားဟာ ရာသီကုန်မှာ ကလပ်အသင်းကနေ စောစီးစွာ အနားယူဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းအချို့က ဖော်ပြပါတယ်။

ခရူးစ်ဟာ ယူရို ၂၀၂၀ ရှုံးထွက် ၁၆ သင်းအဆင့်မှာ အင်္ဂလန်အသင်းကြောင့် ဂျာမနီအသင်း ပြိုင်ပွဲကနေ နှုတ်ဆက်အပြီး ပြီးခဲတဲ့နှစ် ဇွန်လမှာ ဂျာမနီလက်ရွေးစင်ကနေ အနားယူခဲ့ပေမယ့် သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးတဲ့တိုင် ရေးသားဖော်ပြတဲ့ သတင်းတွေဟာ ရယ်စရာကောင်းတယ်လို့ ပြောပါတယ်။

"ရုပ်ပိုင်းဆိုင်ရာအရတော့ အရမ်းကောင်းနေတယ်လို့ ကျနော်ခံစားမိတယ်၊ ကွင်းထဲမှာ အရာအားလုံးကောင်းနေပြီး၊ အရမ်းပျော်ပါတယ်"လို့ ဆဲလ်တစ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အင်္ဂါနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခရူးစ်က ပြောပါတယ်။

“တစ်ခါတလေမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတောင် မသိတဲ့တိုင် သတင်းတွေ ဖတ်ရတာ ရယ်စရာကောင်းတယ်။ နောက်နှစ်ကျရင် အဲဒါကို ပြန်စဉ်းစားမယ်၊ ဒါမှမဟုတ် (ကမ္ဘာ့ဖလား) ကြားရက်တွေမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ နည်းနည်းတော့ စဉ်းစားရလိမ့်မယ်။ ဖြည်းဖြည်းချင်း ဆုံးဖြတ်ပါလိမ့်မယ်။

"ကျနော် အမြဲပြောဖူးတဲ့ အရာတစ်ခုကတော့ ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့မှာ မဟုတ်ပါဘူး၊ ကျနော် အမြဲတမ်း ဒီအသင်းမှာပဲနေမှာပါ၊ ဒီမှာပဲ အနားယူမှာပါ၊ ဘယ်အချိန်ဖြစ်လားမလဲဆိုတာ ကျနော် မသိပါဘူး"

တနင်္ဂနွေနေ့က ဂျီရိုနာနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ထုတ်ပယ်ခံခဲ့ရတဲ့ ခရူးစ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ လာလီဂါဖလား သုံးကြိမ်၊ ဂျာမန်လိဂ်ဖလား သုံးကြိမ်နဲ့အတူ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် လေးကြိမ်၊ ဘိုင်ယန်နဲ့ တစ်ကြိမ်ရယူထားပြီး ၂၀၁၄ မှာ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ ဖလားဆွတ်ခူးခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ လာမယ့်ရာသီ မတ်လနှောင်းပိုင်းအထိ မက်ဒရစ်နဲ့ ဖြစ်လာနိုင်ချေရှိတဲ့ သက်တမ်းတိုးဆွေးနွေးမှုတွေအတွက် စောင့်ဆိုင်းရတာကို ပျော်ရွှင်နေပါတယ်။

"ကျနော့်လိုပဲ ကလပ်အသင်းက အရမ်းတည်ငြိမ်ပါတယ်။ ကျနော် ဒီမှာ ရှစ်နှစ်ခွဲနီးပါးရှိပါပြီ"လို့ ခရူးစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ ဒါမှမဟုတ် မတ်လမှာ အေးအေးဆေးဆေး စကားပြောပါမယ်။"

မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဆဲလ်တစ်ကို အနိုင်ရရှိပါက သူတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုမှာ ထိပ်ဆုံးနေရာကို ရယူနိုင်မှာဖြစ်ပါတယ်။

ချူအာမီနီဟာ ကြွက်သားဒဏ်ရာပြဿနာကြောင့် အဆင်သင့်မဖြစ်သေးပေမယ့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ပေါင်ဒဏ်ရာပြဿနာကနေ ပိုသက်သာလာတာကြာင့် လူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တယ်လို့ နည်းပြ ကာလိုအန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly