မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်းကျော် ပစ်လွှတ်ရာ ၁ စင်းက တောင်ကိုရီးယား ရေပြင်နား ကျရောက် 

မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်းကျော် ပစ်လွှတ်ရာ ၁ စင်းက တောင်ကိုရီးယား ရေပြင်နား ကျရောက် 
Photo - AFP

November 2

မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့က ဒုံးကျည် ၁၀ စင်းကျော် ပစ်လွှတ်ခဲ့ရာ၌ တစ်စင်းသည် တောင်ကိုရီးယား ရေပြင်အနီး ကျရောက်ခဲ့ရာ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုက “လက်တွေ့အားဖြင့် ပိုင်နက် ကျူးကျော်မှု” ဟု ပြောဆိုသည်။ 

နှစ်နိုင်ငံကြားက ရေပြင်နယ်စပ် မြောက်ပိုင်းကန့်သတ်မျဉ်းကို တာတိုပဲ့ထိန်း ဒုံးကျည်တစ်စင်း ကျရောက်ခဲ့၍ အူလီအန်ဒိုကျွန်းက ဒေသခံများအား ကတုတ်ကျင်းများတွင် ဘေးလွတ်ရာ ခိုလှုံရန် ရှားရှားပါးပါး သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ 

မြောက်ကိုရီးယား ဒုံးကျည် တောင်ကိုရီးယား ပိုင်နက်ရေပြင်အနီး ကျရောက်ခြင်းသည် ၁၉၅၃ ခုနှစ်၌ ကိုရီးယားစစ်ပွဲ ပြီးဆုံး၍ “ကျွန်းဆွယ်  နှစ်ပိုင်း ကွဲချိန်မှစကာ ပထမဆုံး” ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။ 

“နှစ်နိုင်ငံ ကွဲချိန်ကစပြီး ပထမဆုံးအဖြစ် မြောက်ပိုင်းကန့်သတ်မျဉ်းကို ဖြတ်ကျော်ပြီး ဒုံးကျည်တစ်စင်း ကျရောက်လာတာဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေက လက်တွေ့ပါတဲ့ ပိုင်နက်ကျူးကျော်မှုပဲဆိုပြီး သမ္မတ ယွန်းဆက်ယိုက ပြောဆိုခဲ့ပါတယ်”ဟု သမ္မတရုံးက ထုတ်ပြန်သည်။ 

အဆိုပါ ဒုံးကျည်သည် တောင်ကိုရီးယား ကုန်းမကြီးမှ အရှေ့ဘက် ၃၅ မိုင် ရေပြင်ထဲ ကျရောက်ခြင်း ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။ 

ထိုကဲ့သို့ တောင်ကိုရီးယား ပိုင်နက်ရေပြင်အနီး ဒုံးကျည် ကျရောက်ခြင်းသည် “အလွန် ဖြစ်ခဲပြီး သည်းခံနိုင်စရာ မရှိကြောင်း” စစ်တပ်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

“ဒီ ရန်စမှုကို မိမိတို့ စစ်တပ်အနေနဲ့ ခိုင်ခိုင်မာမာ တုံ့ပြန်သွားမှာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြသည်။ 

အူလီအန်ဒိုကျွန်းတွင် လေကြောင်းစီးနင်းမှု သတိပေးချက်ကို အမျိုးသားရုပ်သံက ထုတ်လွှင့်ပြီး ဒေသခံများအား ‘မြေအောက်ခိုလှုံရာများသို့ ပြောင်းရွှေ့ရန်” သတိပေးထုတ်ပြန်ခဲ့သည်။ 

တာတိုပဲ့ထိန်းဒုံးကျည် သုံးစင်း ပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ကနဦး၌ ပြောသည်။ 

သို့ရာတွင် နောက်ပိုင်း ကြေညာရာ၌ မြောက်ကိုရီးယားသည် “အရှေ့နှင့် အနောက်သို့ ဦးတည်ပြီး အမျိုးအစားစုံ ဒုံးကျည် ၁၀ စင်း အနည်းဆုံး” ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required