ဒဏ်ရာတွေအမြန်ကျက်စေမယ့် Spider Man ပလာစတာ လာပြီ

ဒဏ်ရာတွေအမြန်ကျက်စေမယ့် Spider Man ပလာစတာ လာပြီ

လန်ဒန်၊ မတ်၊ ၁ ။      ။ ဒဏ်ရာတွေကို အမြန်ဆုံးကျက်စေမယ့် Spider Man ပလာစတာကို ဗြိတိသျှသိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါပြီ။

Spider Man ပလာစတာလို့တင်စားခေါ်ဝေါ်တဲ့အတိုင်း သာမန်အနာကပ်ပလာစတာတွေနဲ့တော့ တော်တော်လေးကွဲပြား ပါတယ်။

သာမန်ပလာစတာတွေလို လက်နဲ့ကိုင်တွယ်ပြီး အနာပေါ်ကိုကပ်နေစရာမလိုဘဲ  Spider Man ရဲ့လက်ကောက်ဝတ်က ပင့်ကူမျှင်ထုတ်စက်လို ဖိုက်ဘာမျှင်တွေထုတ်ပေးမယ့် Spider Gun နဲ့ အနာကိုချိန်ပြီးပစ်လိုက်ရုံနဲ့ အနာကို လုံလုံခြုံခြုံ ဖုံးအုပ်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

Spider Gun ကနေထွက်တဲ့ ဖိုက်ဘာမျှင်တွေဟာ လူ့ဆံချည်တစ်မျှင်ထက် အဆပေါင်း ၂၀၀ လောက်ပိုပါးလွှာပြီး လူ့အရေပြားရဲ့ အလိုအလျောက်ကုသမှုလုပ်ဆောင်တဲ့ ဆဲလ်တွေရဲ့ဂုဏ်သတ္တိအတိုင်း ဖန်တီးထားပါတယ်။

Spider Man ပလာစတာကို ကွဲရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ကုသပြီးနောက် ကျန်ရစ်တဲ့ဒဏ်ရာတွေ အပါအဝင် ဒဏ်ရာအမျိုးမျိုးကို ရောဂါပိုးမဝင်စေဖို့နဲ့ အမြန်ဆုံးအနာကျက်စေဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ Spider Man ပလာစတာရဲ့အကူအညီနဲ့ လူနာတွေရဲ့အနာတွေ၊ ဒဏ်ရာတွေကို ထိတွေ့ကိုင်တွယ် စရာမလိုဘဲ ခပ်လှမ်းလှမ်းကနေ Spider Gun နဲ့ပစ်ပြီး ပလာစတာကပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်မှာကိုလည်း ပူစရာမလိုတော့ပါဘူး။

ဒါ့အပြင်သာမန်ပလာစတာတွေဟာ ကပ်ထားတဲ့အခါမှာ အလေးချိန်ရှိတဲ့အတွက် ရိရွဲတဲ့အနာတွေပေါ်မှာ ကပ်ရာမှ အဆင်မပြေဖြစ်နိုင်ပြီး ယခုဖိုက်ဘာမျှင်ပလာစတာကတော့ အလွန်ပေါ့ပါးတာကြောင့် ဘယ်လို ဒဏ်ရာ၊ ဘယ်လို အနာမျိုးပေါ်မှာမဆို ကပ်လို့ရပါတယ်။

Spider Gun ကိရိယာအတွင်းမှာ အရည်ကနေ အမျှင်အဖြစ်ပြောင်းလဲထုတ်လုပ်ပေးလိုက်တဲ့ ဖိုက်ဘာမျှင်တွေဟာ ချုပ်ဖို့လိုတဲ့ ဒဏ်ရာတွေအထိကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို ဖုံးအုပ်ပေးနိုင်မှာပါ။

Spider Gun ကိရိယာကို ဆရာဝန်တွေ၊ သူနာပြုတွေသာမက လူနာတွေကိုယ်တိုင်လည်း ကိုင်တွယ်အသုံးပြုနိုင်ပြီး ဒဏ်ရာနဲ့ ၈ လက်မအကွာအဝေးထိခွာပြီး ဖိုက်ဘာမျှင်ကိုလှမ်းပစ်နိုင်ပါတယ်။

အသစ်တီထွင်လိုက်တဲ့ Spider Man ပလာစတာကို အစ္စရေးနိုင်ငံကဆေးရုံတစ်ခုက လူနာ

အယောက် ၄၀ နဲ့မကြာခင် လက်တွေ့စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly