အာဖဂန် အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် တပ်မှူးများကို သတ်ဖြတ်နိုင်ခဲ့ဟု တာလီဘန် ပြော

အာဖဂန် အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် တပ်မှူးများကို သတ်ဖြတ်နိုင်ခဲ့ဟု တာလီဘန် ပြော

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း တက်ခါ ပြည်နယ်တွင် အိုင်အက်စ် (ISIS) အဖွဲ့ အကြီးတန်းတပ်မှူး ၂ ဦး အပါအဝင် အိုင်အက်စ် စစ်သွေးကြွ ၄ ဦး ကို သုတ်သင်ရှင်းလင်းခဲ့သည်ဟု တာလီဘန်တို့က ပြောကြားကြောင်း တာလီဘန်ထိန်းချုပ်သော သတင်းအေဂျင်စီတစ်ခုကို ကိုးကားပြီး မီဒီယာသတင်းများက ဖော်ပြသည်။

တာလီဘန်တို့ အောက်တိုဘာ ၂၂ ရက်က လုပ်ဆောင်ခဲ့သည့် ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်း တက်ခါပြည်နယ်၌ အိုင်အက်စ်တို့၏ ခိုအောင်းရာ နေရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း တာလီဘန် တပ်မှူး တစ်ဦးဖြစ်သည့် ကာရီ အာမီနူလာ တေယက်ဘ်က ပြောသည်ဟု Bakhtar သတင်းအေဂျင်စီကို ကိုးကားပြီး Khaama Press မီဒီယာက ဖော်ပြသည်။

တက်ခါပြည်နယ် ဒက်ရှ်တီ ကာလာ ခရိုင်ရှိ ကျေးရွာတစ်ခုတွင် တာလီဘန်တို့ကြောင့် အိုင်အက်စ် စစ်သွေး ကြွများ သေဆုံးခဲ့ကြောင်း အာမီနူလာက ပြောသည်။ အလားတူ အောက်တိုဘာ ၂၂ ရက်တွင် တာလီဘန် အစိုးရက သီးခြားထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ရပ်အရ ကဘူးလ်မြို့တွင် အောက်တိုဘာ ၂၁ ရက် ညပိုင်းက အိုင်အက်စ်အဖွဲ့ဝင် ၆ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ပြောသည်။

အဆိုပါ သေဆုံးသွားသည့် စစ်သွေးကြွများသည် ကဘူးလ်မြို့ရှိ ကားဂျ် ပညာရေးစင်တာ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ဝါဇီရာ မိုဟာမက် အက်ခ်ဘာ ခန်း ဗလီအနီး ပေါက်ကွဲမှုဖြစ်စဉ်တို့တွင် ပါဝင်ပတ်သက် ကျူးလွန် သူများဖြစ်ကြောင်း တာလီဘန်တို့က ပြောသည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

သို့သော် တာလီဘန်တို့၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး မှန်၊ မမှန် သေချာအောင် စိစစ်နိုင်ခြင်း မရှိပေ။ အိုင်အက်စ်-ခိုရာစန် (ISIS-K) အဖွဲ့ သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အာဖဂန်နစ္စတန်တွင် လှုပ်ရှားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly