ဥရောပ၏ ဒုက္ခသည်အကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်

ဥရောပ၏ ဒုက္ခသည်အကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်

ဝါရှင်တန်၊ မတ် ၁ ။              ။ အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များ ဥရောပသို့ အစုလိုက်အပြုံလိုက် သွားရောက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ခုအဖြစ် အမေရိကန်က ယူဆကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီ ၂၉က ပြောကြားလိုက်ရာ ယင်းကိစ္စအတွက် အမေရိကန်က ကူညီမည်ဖြစ်ရာ စိတ်မပူရန် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကို ပြောကြား လိုက်ခြင်းဖြစ်သည်။

ဂျာမနီသို့ ဒုက္ခသည် တစ်သန်းကျော်ဝင်ရောက်ထားသည်။ "ဒါက တစ်ဦးတစ်ယောက်တည်းရဲ့ပြသနာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးအတွက် စမ်းသပ်မှုတစ်ခုပါ"ဟု ကယ်ရီက ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဖရန့်ဝေါလ်တာစတိန်းမေယာနှင့်အတူ ဝါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ဒုက္ခသည်အကျပ်အတည်းဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်လို့ အမေရိကန်က ယူဆတယ်။ ပထမဆုံးသိသိသာသာရိုက်ခတ်ခံရတာက ဂျော်ဒန်၊ လက်ဘနွန်နှင့် တူရကီတို့ပါ။ သူတို့ဟာ လေးနှစ်ကျော်ကြာ စစ်ပွဲလမ်းကြောင်းမှာ မယုံနိုင်လောက်အောင် ဝန်ထုပ်ဝန်ပိုးတွေကို ခံစားနေရပါတယ်"ဟု ၎င်းကဆိုသည်။

အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တောင်အာရှ အထူးသဖြင့် စစ်ဒဏ်ခံနေရသော ဆီးရီးယားတို့မှာ ဒုက္ခသည်ထောင်ပေါင်းများစွာမှာ အီးယူနိုင်ငံများဆီသို့ ဝင်ရောက်နေသည်။ ဝါရှင်တန်သည် ဒုက္ခသည်များကယ်ဆယ်ရေးအတွက် အကြီးမားဆုံးအလှူရှင်ဖြစ်ပြီး ဒေါ်လာ ၅ဒသမ၁ဘီလျံအထိ သုံးစွဲထားကာ အများအားဖြင့် ဆီးရီးယား၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တူရကီ၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများရှိ ဒုက္ခသည်စခန်းများကို ထောက်ပံ့လျက်ရှိသည်။

သို့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀,၀၀၀ကို ပြန်လည်နေရာချထားပေးရန်သာ သမ္မတဘားရက်အိုဘားမားက အမိန့်ပေးထားပြီး ယင်းကာလ၏ ပထမငါးလအတွင်း ၉၄၂ဦးကိုသာ စိစစ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဥရောပအတွက် အဆိုးဝါးဆုံးစိန်ခေါ်မှုအဖြစ် ဝါရှင်တန်ရှိ အချို့သူများက ယူဆသည်။ ထို့အပြင် ယင်းပြသနာက အီးယူတည်တံ့ရေးအတွက်လည်း ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်ဟု ဆိုသည်။

ဒုက္ခသည်ပြသနာဖြေရှင်းရေးအတွက် ဦးစားပေးကိစ္စမှာ စစ်ပွဲအဆုံးသတ်ပြီး ဒုက္ခသည်ထွက်ခွာမှုရပ်တန့်စေရန် ဆီးရီးယားတွင် နိုင်ငံရေးဖြေရှင်းမှုကို တွန်းအားပေးရေးဖြစ်သည်ဟု ကယ်ရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly