တရုတ်ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးများမပါဝင်ခြင်းက နိုင်ငံရေးအရောင်အသွေးစုံလင်မှုအတွက် ဆုတ်ယုတ်မှုဟု လေ့လာသူများပြော

တရုတ်ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးများမပါဝင်ခြင်းက နိုင်ငံရေးအရောင်အသွေးစုံလင်မှုအတွက် ဆုတ်ယုတ်မှုဟု လေ့လာသူများပြော

တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး တစ်ဦးကိုမှ မရွေးချယ်ခြင်းသည် အမျိုးသား အမျိုးသမီး အရောင်အသွေးစုံလင်မှုအတွက် ဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှုကို ထပ်မံလျော့နည်းစေနိုင်သည်။

သီတင်း တစ်ပတ်ကြာကျင်းပသော ကွန်မြူနစ်ပါတီညီလာခံ၏ နောက်ဆုံးရက် အောက်တိုဘာ ၂၃ ရက်က ရွေးချယ်ခဲ့သော ပါတီထိပ်ပိုင်းခေါင်းဆောင်သစ်အားလုံး သည် အမျိုးသားများဖြစ်သည်။ အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီနှင့် ကိုယ်စားလှယ် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုမှာလည်း ဟန်မျိုးနွယ် အမျိုးသားများ သာဖြစ်သည်။

အသစ်ထုတ်ပြန်လိုက်သော ဗဟိုကော်မတီစာရင်းတွင် ကိုယ်စားလှယ်နေရာ ၂၀၅ နေရာအနက် အမျိုးသမီး ၁၁ ဦး ပါဝင်သည်။ ၂၀၁၇ ခုနှစ်က ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီတွင် အဖွဲ့ဝင် ၂၀၄ ဦးအနက် အမျိုးသမီး ၁၀ ဦး ပါဝင်ခဲ့သည်။

သက်တမ်း ၁၀၁ နှစ်ရှိပြီဖြစ်သော ကွန်မြူနစ်ပါတီသမိုင်းတွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ၌ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးမျှ မရှိခဲ့ပေ။

ဆစ်ဒနီတက္ကသိုလ် တရုတ်လေ့လာရေးစင်တာမှ အမျိုးသား/အမျိုးသမီးနှင့် နိုင်ငံရေး သုတေသနပြုသူ မင်လျူချန်းက အမျိုးသမီး တစ်ဦးမျှမပါသော ပေါ်လစ်ဗျူရိုကို တွေ့မြင်ရသည်မှာ စိတ်ပျက်စရာကောင်းသည်ဟုဆိုသည်။

“ပေါ်လစ်ဗျူရိုမှာ အမျိုးသမီးတစ်ယောက်တော့ပါဝင်ရမယ်ဆိုတာ စံသတ်မှတ်ချက်မဟုတ်ပေမယ့် အခုလိုမျိုး အမျိုးသမီးတစ်ယောက်မှ မပါဝင်တာဟာ ဆုတ်ယုတ်မှုတစ်ခုပါ” ဟု ဆိုသည်။

ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များအဖြစ် အမျိုးသမီး ၆ ဦးသာ ခန့်အပ်ဖူးပြီး ၎င်းတို့အနက် ၃ ဦးမှာ တော်လှန်ရေးခေါင်းဆောင်များ၏ ဇနီးများဖြစ်သည်။

ဝူရီကို ၂၀၀၂ ခုနှစ်က ပေါ်လစ်ဗျူရို၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် ရွေးချယ်ပြီး နောက်နှစ်တွင် ဒု-ဝန်ကြီးချုပ်ခန့်အပ်သည့် မတိုင်ခင်အထိ တရုတ်ထိပ်ပိုင်းနိုင်ငံရေးတွင် အချိန်အတော်ကြာ အမျိုးသမီးပါဝင်မှု မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly