ပြည်ပကြွေးမြီ ဒေါ်လာ ၂၇ ဘီလီယံကို ပြန်ဆပ်ရမည့် အချိန် ရွှေ့ဆိုင်းနိုင်ရန် ကြိုးပမ်းနေဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး ပြော

ပြည်ပကြွေးမြီ ဒေါ်လာ ၂၇ ဘီလီယံကို ပြန်ဆပ်ရမည့် အချိန် ရွှေ့ဆိုင်းနိုင်ရန် ကြိုးပမ်းနေဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး ပြော

ပါကစ္စတန်နိုင်ငံအနေဖြင့် အဓိကအားဖြင့် တရုတ်ထံ တင်ရှိနေသည့် ကြွေးမြီများအပါအဝင် ပါရီကလပ် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများထံ တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၂၇ ဘီလီယံခန့်ကို ပြန်ဆပ်ရမည့် အချိန်ရွှေ့ဆိုင်းနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အစ်ရှာ ဒါးက အောက်တိုဘာ ၁၄ ရက်တွင် ရိုက်တာကို ပြောသည်။

သို့သော် ကြွေးမြီ ပြန်လည်ဖွဲ့စည်းမှု၏ တစိတ်တဒေသအဖြစ် မူလသတ်မှတ်ထားသည့် တန်ဖိုးပမာဏများကို လျှော့ချနိုင်ရေး ကြိုးပမ်းသွားမည် မဟုတ်ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အစီအစဉ်ကို လက်စသတ်ခြင်းနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များတွင် မှန်ကန်စွာ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း နိုင်ငံတကာ ငွေထုတ်ချေးသူများကို အာမခံရန် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးက ကြိုးပမ်းခဲ့သည်။

ထို့ပြင် ပါကစ္စတန်၏ ကြွေးပြီ ပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြင်း၊ ဒီဇင်ဘာလတွင် ပေးရန် အချိန်စေ့မည့် ငွေချေး စာချုပ်များဆိုင်ရာ သက်တမ်းစေ့ရောက်သည့် နေ့ရက်ကို ထပ်မံသက်တမ်းတိုးခြင်း သို့မဟုတ် ပါကစ္စတန် ၏ လက်ရှိ IMF အစီအစဉ်ကို ပြန်လည် ညှိနှိုင်းနိုင်ခြင်းတို့နှင့်ပတ်သက်သည့် ဖြစ်နိုင်ခြေ အလားအလာများကို ဘဏ္ဍာရေး ဝန်ကြီး အစ်ရှာ ဒါးက အင်တာဗျူးတစ်ခုတွင် ပယ်ချသွားခဲ့သည်။

ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးဘဏ်များနှင့် နိုင်ငံတကာ အလှူရှင်များအနေဖြင့် ပါကစ္စတန်၌ အကြီးအကျယ် ထိခိုက်ဆုံးရှုံးသော ရေကြီးမှုများနောက်ပိုင်း ဒေါ်လာ ၃၂ ဘီလီယံ ရှိမည်ဟု ခန့်မှန်းရသည့် ပြင်ပ ငွေကြေး ထောက်ပံ့မှု လိုအပ်ချက်များကို ဖြည့်ဆည်းမည့် နည်းလမ်းများဖြင့် “အတော်ပင် ပြုလွယ်ပြောင်းလွယ်” ဖြစ်ခဲ့ကြောင်း ဝါရင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

အဆိုပါ လိုအပ်မှုများအနက် တချို့သည် ယခင် အတည်ပြုထားသည့် ငွေကြေးများအနက်မှ ပြန်လည်ခွဲဝေချပေးသည့် ငွေကြေးများ၊ ဖြည်းဖြည်းချင်း ထုတ်ပေးသည့် ဖွံ့ဖြိုးရေးချေးငွေများမှ လာနိုင်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly