အာဖဂန်တွင် တာလီဘန်တို့ အာဏာရပြီးနောက် ပါကစ္စတန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားမှု မြင့်တက်လာ

By The Print
27 October 2022
အာဖဂန်တွင် တာလီဘန်တို့ အာဏာရပြီးနောက် ပါကစ္စတန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားမှု မြင့်တက်လာ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရသွားပြီးနောက် ပါကစ္စတန်တွင် ယမန်နှစ်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားမှုပိုင်းတွင် ၅၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း အစ္စလမ်မာဘတ် အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် ပါကစ္စတန် ငြိမ်းချမ်းရေး လေ့လာမှု အင်စတီကျူ့ (PIPS) ၏ လေ့လာတွေ့ရှိချက်များက အောက်တိုဘာ ၁၉ ရက်တွင် ဖော်ပြသည်။

အာဖဂန်၌ ယမန်နှစ် ဩဂုတ်လက အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီးနောက် တာလီဘန်တို့ ပြန်လည်အာဏာရသွားခြင်း၏ ရလဒ်တစ်ခုအဖြစ် ပါကစ္စတန်တွင် ၂၀၂၂ ဩဂုတ်လအထိ တစ်နှစ်တာအတွင်း တိုက်ခိုက်မှုဖြစ်စဉ် ၂၅၀ ခန့် ဖြစ်ပွားခဲ့ပြီး လူ ၄၃၃ ဦး သေဆုံးကာ ၇၁၉ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း PIPS ၏ ဒေတာအချက်အလက်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

၂၀၂၀ ဩဂုတ်လမှ ၂၀၂၁ ဩဂုတ် ၁၄ ရက်အထိ ပါကစ္စတန်တွင် တိုက်ခိုက်မှုဖြစ်စဉ် ၁၆၅ ခု ဖြစ်ပွားခဲ့ရာ လူ ၂၉၄ ဦး သေဆုံးပြီး ၅၉၈ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်။

“တာလီဘန်တွေရဲ့ အောင်ပွဲနဲ့ပတ်သက်လို့ အကြောင်းမဲ့ ဂုဏ်ယူဝံ့ကြွားမှုက ခုချိန်မှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ ထိတ်လန့်စရာ အခြေအနေတစ်ခုကို ပြောင်းလဲထားခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ စိတ်မချရတဲ့ တာလီဘန် အုပ်ချုပ်မှုအောက်မှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေအရ ပါကစ္စတန်ဟာ နောက်ထပ် တုန်လှုပ် ခြောက်ခြားဖွယ် အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို ပြသနေပါတယ်” ဟု PIPS အဖွဲ့က ပြောသည်။

အာဖဂန်နစ္စတန်တွင် လက်ရှိ လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့များထဲတွင် တီရစ်-အီ- တာလီဘန် ပါကစ္စတန် (TTP) ၊ အယ်လ် ကိုင်ဒါ၊ အိုင်အက်စ် ခိုရာစန် (IS-K) ၊ ဥဇဘက်ကစ္စတန် အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့ (IMU) နှင့် အရှေ့ တာကစ္စတန် အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) တို့ ပါဝင်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required