ဇီကာဗိုင်းရပ်စ်ကြောင့် ကြွက်သားအားနည်းကာ သွက်ချာပါဒလိုက်သည့် အာရုံကြောရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိ

ဇီကာဗိုင်းရပ်စ်ကြောင့် ကြွက်သားအားနည်းကာ သွက်ချာပါဒလိုက်သည့် အာရုံကြောရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိ

ပဲရစ်၊ မတ်၊ ၁ ။              ။ ခြင်မှတဆင့်ကူးစက်သည့် ဇီကာဗိုင်းရပ်စ်သည် ကြွက်သားအားနည်းကာသွက်ချာပါဒလိုက်သည့် အာရုံကြောရောဂါ တစ်မျိုးဖြစ်သည့် ဂူလိန်းဘဲရ်ဆစ်ဒရုန်းရောဂါ ဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့သည်။

လွန်ခဲ့သော ၂ နှစ်က ပြင်သစ်တွင်ဖြစ်ပွားခဲ့သည့် ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်စဉ်အတွင်း ယင်းဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရသည့် လူနာ ၄၂ ဦး ၏ သွေးနမူနာများကို စစ်ဆေးရာမှ ထိုကဲ့သို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်ဆေးပညာဂျာနယ် Lancet တွင် ဖော်ပြထား သည်။

စမ်းသပ်မှုအတွင်းပါဝင်ခဲ့သော လူနာများသည် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၆ ရက်ခန့်အကြာတွင် အာရုံကြောရောဂါ လက္ခဏာများ ခံစားရကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် ဇီကာဗိုင်းရပ်စ်သည် တောင်အမေရိကနိုင်ငံများတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့ကာ ဖေဖော်ဝါရီလအစောပိုင်း တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရသည်။

ခြင်မှတဆင့်ကူးစက်သော ဇီကာဗိုင်းရပ်စ် ယခုတစ်ကြိမ်ကူးစက်ပျံ့နှံ့မှုကို တောင်အမေရိကနိုင်ငံများတွင် ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနိမ့်ကျသည့်ရောဂါခံစားရခြင်းအပေါ် အဖြေရှာရာမှ ဆေးပညာရှင်များက သတိပြုမိခဲ့ကြခြင်းဖြစ်သည်။

ယခုအခါတွင် ယင်းဗိုင်းရပ်စ်ကြောင့် အခြားကျန်းမာရေးချို့ယွင်းမှုများဖြစ်ပေါ်နိုင်ချေ ရှိ၊မရှိကို ပညာရှင်များက လေ့လာ အဖြေရှာလျှက်လည်း ရှိသည်။

ဂူလိန်းဘဲရ်ဆစ်ဒရုန်းရောဂါရလျှင် ကြွက်သားအားနည်းမှုဝေဒနာခံစားရကာ ရောဂါပြင်းထန်ပါက အသက်ရှုရခက်ခဲပြီး အရေးပေါ်ကုသမှုခံယူရသည်အထိ ဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly