သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းရေး စင်ကာပူ အကူအညီပေးမည်

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းရေး စင်ကာပူ အကူအညီပေးမည်

စင်ကာပူ၊ မတ် ၁ ။            ။ သီရိလင်္ကာအစိုးရ၏ ဆောင်ရွက်ဆဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းရေးတွင် စင်ကာပူနိုင်ငံက အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန MFA က ဖေဖော်ဝါရီ ၂၉ ရက်က ပြောသည်။

စင်ကာပူနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်လည်တည်ဆောက်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း MFA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားခဲ့သည်။

“သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ဇန်နဝါရီလအတွင်းက လာရောက်လည်ပတ်ခဲ့ရာမှာ စီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများနဲ့ လေ့ကျင့်သင်တန်းပေးမှုများ စတဲ့ နယ်ပယ် ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြတာပါ။”ဟု ယင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သို့သော်လည်း လေ့ကျင့်သင်တန်းပေးမှုများနှင့် ဆုံးဖြတ်ချက်ချခြင်းများကို သီရိလင်္ကာနိုင်ငံရေးဝန်ကြီးဌာနဖက်ကသာ ဦးဆောင်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြန်လည်ဖွဲ့စည်းရေးစီမံကိန်းများအတွက် အကူအညီပေးရန် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မင်္ဂလာဆာမာရာဝီရာ ပြီးခဲ့သည့်နှစ်အတွင်း အလည်အပတ်ရောက်ရှိစဉ်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က သဘောတူညီခဲ့ကြောင်း ယင်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့အတွက် စင်ကာပူနိုင်ငံက ပြင်ဆင်လုပ်ကိုင်ပေးလျက်ရှိနေပါတယ်။”ဟု ယင်းပုဂ္ဂိုလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly