အာဖဂန် တာလီဘန်တို့က နိုင်ငံခြားသား အမျိုးသမီးဂျာနယ်လစ်ကို ပြည်ဝင်ခွင့်တားမြစ်

By Khaama Press
25 October 2022
အာဖဂန် တာလီဘန်တို့က နိုင်ငံခြားသား အမျိုးသမီးဂျာနယ်လစ်ကို ပြည်ဝင်ခွင့်တားမြစ်

အာဖဂန်နစ္စတန်တွင် အာဏာရနေသည့် တာလီဘန်တို့သည် နိုင်ငံခြားသား အမျိုးသမီးဂျာနယ်လစ်၊ ဓာတ်ပုံသတင်းသမား စတီဖန်နီ ဂလင်စကီးကို ဝေဖန်ဆန်းစစ် သတင်းရေးသားမှုကြောင့်ဟု ဆိုပြီး ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်လိုက်သည်။

ထိုလုပ်ရပ်သည် အာဖဂန်နစ္စတန်၌ ယခုနောက်ပိုင်းကာလများအတွင်း နိုင်ငံတကာ သတင်းမီဒီယာများအပေါ် တာလီဘန်တို့၏ ဖြိုခွင်းနှိမ်နင်းမှု၏ တစိတ်တဒေသလည်း ဖြစ်သည်။

နိုင်ငံခြားသားဂျာနယ်လစ် ဂလင်စကီးသည် အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ခံရကြောင်း အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်းက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အာဖဂန်နစ္စတန်သို့ သွားရောက်နေသည့် ဂျာနယ်လစ်များအပေါ် ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ခြင်းကို အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်းက ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်က ဂျာနယ်လစ်များအပေါ် ဖိနှိပ်ခြင်းဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အတားအဆီးတစ်ခုလည်း ဖြစ်ကြောင်း ပြောသည်။

တာလီဘန်တို့သည် အစောပိုင်းက WhatsApp အက်ပလီကေးရှင်းမှတစ်ဆင့် သူမကို နှောင့်ယှက် ဒုက္ခပေးခဲ့ကြောင်း စတီဖန်နီ ဂလင်စကီးက ပြောသည်။ ထို့ပြင် တာလီဘန်တို့သည် သူမ၏ သတင်းရင်းမြစ်များ ကိုလည်း လိုက်ရှာနေသည်ဟုလည်း ဂလင်စကီးက ပြောသည်။

ဂျာနယ်လစ် ဂလင်စကီးသည် The Guardian နှင့် Foreign Policy အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်းတချို့အတွက် လုပ်ကိုင်ရင်း အာဖဂန်နစ္စတန်တွင် လေးနှစ် နေထိုင်ခဲ့သည်။ ဂလင်စကီးသည် ဇူလိုင်လတွင် ကဘူးလ်မှ ထွက်ခွာခဲ့သော်လည်း မကြာသေးခင်က တာလီဘန်တို့က သူမ၏ သတင်းရေးသား မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် သူမ၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required