အာဖဂန် အမျိုးသမီးဆန္ဒပြသူများကို တာလီဘန်တို့ ညှဉ်းပန်းနှိပ်စက်ကြောင်း HRW အစီရင်ခံစာသစ်တွင် ဖော်ပြ

အာဖဂန် အမျိုးသမီးဆန္ဒပြသူများကို တာလီဘန်တို့ ညှဉ်းပန်းနှိပ်စက်ကြောင်း HRW အစီရင်ခံစာသစ်တွင် ဖော်ပြ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ဆန္ဒပြမှုအတွက် မိသားစုများနှင့်အတူ မှားယွင်းဖမ်းဆီးခံရသော အမျိုးသမီးများ ညှဉ်းပန်းနှိပ်စက်ခံရပုံ အပြည့်အစုံကို ဖော်ပြထားသည့် အစီရင်ခံစာသစ်တစ်ရပ်ကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

အာဖဂန်အမျိုးသမီးများသည် ကလေးငယ်များ အပါအဝင် မိသားစုနှင့်အတူ မှားယွင်းထိန်းသိမ်းခံခဲ့ရကြောင်း နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

အဆိုပါ ထိန်းသိမ်းခံရသော အမျိုးသမီးများသည် ခြိမ်းခြောက်ခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ကြောက်စရာ ကောင်းသော အခြေအနေများဖြင့် ချုပ်လှောင်ခံရခြင်း၊ လူတိုင်း တရားစီရင်ရေးဆိုင်ရာ တူညီသော ဥပဒေ ကျင့်သုံးခံရမှု အခွင့်အရေး ငြင်းဆန်ခံရခြင်း၊ ရင့်သီး ရိုင်းစိုင်းသော အခြေအနေများဖြင့် ပြန်လွှတ်ပေးခြင်းနှင့် အခြားသော အခွင့်အရေး ချိုးဖောက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသည်။

ထို့ပြင် တာလီဘန် အာဏာပိုင်တို့သည် ထိန်းသိမ်းခံ အမျိုးသားဆွေမျိုးများကိုလည်း လျှပ်စစ်ရှော့ခ်တိုက်ကာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း HRW အဖွဲ့က ပြောသည်။

အာဖဂန်အမျိုးသမီးများ ယခုကဲ့သို့ အတွေ့အကြုံများကို ဖွင့်ဟထုတ်ဖော်ခြင်းက အဆိုပါနိုင်ငံတွင် အမျိုးသမီး ဆန္ဒပြသူများကို ထိန်းသိမ်းထားစဉ်အတွင်း ပြုမူဆက်ဆံသည့် ပုံစံများနှင့် ဆန္ဒပြလှုပ်ရှားမှုကို နှုတ်ပိတ်ရန် တာလီဘန်တို့၏ ကြိုးပမ်းမှုများကို ဖော်ထုတ်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required