ဆက်ခံသူမရှိသော သမ္မတရှီကျင့်ဖျင် စတုတ္ထသက်တမ်းအတွက် ကြိုးပမ်းနိုင်ဟုဆို

By Taipei Times
25 October 2022
ဆက်ခံသူမရှိသော သမ္မတရှီကျင့်ဖျင် စတုတ္ထသက်တမ်းအတွက် ကြိုးပမ်းနိုင်ဟုဆို

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် ပါတီညီလာခံတွင် ဆက်ခံမည့်သူကို အရိပ်အမြွက်ပြခဲ့ခြင်းမရှိသောကြောင့် ၂၀၂၇ ခုနှစ်တွင် စတုတ္ထသက်တမ်းအတွက် စီစဉ်နေပုံရကြောင်း Academia Sinica မှ သုတေသီ ဝူယူရှန်း က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ရှီသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထွေထွေအတွင်းရေးမှူးနှင့် ပါတီ၏ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် တတိယသက်တမ်းကို အောက်တိုဘာ ၂၃ ရက် ရရှိခဲ့ပြီး ပါတီသည် လာမည့် ၅ နှစ်အတွင်း ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

အစဉ်အလာအားဖြင့် CCP သည် လူငယ်ခေါင်းဆောင်များအား အမြဲတမ်းရာထူးများ တိုးမြှင့်ပေးခြင်းဖြင့် ဆက်ခံသူများလက်သပ်မွေးကာ သင့်လျော်သော တာဝန်များ ပေးအပ်ကြောင်း ထိုင်ဝမ် Fair Winds ဖောင်ဒေးရှင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝူက ပြောကြားခဲ့သည်။

“ဒီအချိန်မှာ ငယ်ရွယ်တဲ့သူကို မခန့်အပ်တာဟာ ရှီက ဆက်ခံသူသတ်မှတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ပြသနေပါတယ်။ နောက်ပြီး ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် တိန့်ရွှေ့ရှန်း က အသက် ၆၀ ရှိနေပါပြီ။ သူက ရှီ့ဆီကနေ တာဝန်လွှဲယူရင်တောင် တစ်ကြိမ်ပဲ ထမ်းဆောင်နိုင်မှာပါ” ဟု ဝူက ဆိုသည်။

ရှီသည် CCP အထွေထွေအတွင်းရေးမှူးဖြစ်လာပြီးကတည်းက အာဏာရရှိရေး အာရုံစူးစိုက်လာကာ တရုတ်တွင် အတည်တကျသတ်မှတ်ပြဋ္ဌာန်းထားမှုအပေါ် အလေးထားမှု လျော့နည်းလာပြီး အခြေအနေသည် မော်စီတုံးလက်ထက် တရုတ်နိုင်ငံကို ပြန်ပြောင်းအမှတ်ရမိစေသည်ဟု ဝူက ပြောသည်။

“ရှီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြင်နေရတဲ့ လမ်းကြောင်းတွေက ဗဟိုချုပ်ကိုင်မှုနဲ့ အာဏာ ချဲ့ထွင်တာ၊ အစဉ်အလာတွေကို ဖောက်ဖျက်တာပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်ရေလက်ကြားပဋိပက္ခသည် တရုတ်တွင် ရှီ၏အာဏာချုပ်ကိုင်မှု၊ ထိုင်ဝမ်နိုင်ငံရေးနှင့် ထိုင်ဝမ်ကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်အပေါ် မူတည်မည်ဖြစ်ကြောင်း လည်း ဝူက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly