ထိုင်ဝမ်တပ်ဖွဲ့များက တိုက်ခိုက်မှုအတွက် အသင့်ပြင်ထားဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

By Taipei Times
25 October 2022
ထိုင်ဝမ်တပ်ဖွဲ့များက တိုက်ခိုက်မှုအတွက် အသင့်ပြင်ထားဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် လက်ရှိ စစ်ရေး အခြေအနေသည် သတိထားပြီး မကိုင်တွယ်ပါက ပိုမိုဆိုးရွားသွားနိုင်ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် အမြဲအသင့်ပြင်ထားပြီး စွမ်းရည်တိုးတက်ရန် အမြဲလေ့ကျင့်နေကြောင်း အောက်တိုဘာ ၂၄ ရက်က ပြောကြား လိုက်သည်။

ထိုင်ဝမ်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် အမျိုးသားကာကွယ်ရေးကော်မတီ အစည်းအဝေးတွင် တရုတ် အမျိုးသားရေးပါတီ (KMT) မှ စည်းရုံးရေးမှူး ဝီလျံဆန်းက လက်နက်ရောင်းချမှု နှောင့်နှေးမှုသည် လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

ချူကောင်ချန်းက ထိုင်ဝမ်အနေဖြင့် မပြင်ဆင်ထားမီ ရန်သူကို လှုပ်ရှားခွင့်ပြုပါက စိုးရိမ်မှုသည် ရန်သူ မျှော်လင့် နေသည့်အရာဖြစ်ကြောင်းနှင့် သို့သော် ထိုင်ဝမ်တပ်ဖွဲ့များသည် ထိုင်စောင့်နေမည်မဟုတ်ဘဲ ရှိပြီးသား လက်နက် များနှင့် ဆက်လက်လေ့ကျင့်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်တပ်ဖွဲ့များသည် စစ်ပွဲအတွက် အမြဲတမ်းပြင်ဆင်ထားပြီး တိုးတက်အရေးအတွက် ဆက်လက် လုပ်ဆောင်နေကြောင်းနှင့် အခြေအနေတောင်းဆိုလာပါက ငြိမ်းချမ်းရေးကာလမှ စစ်ပွဲကာလသို့ အလွယ်တကူ ပြောင်းနိုင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် မဖြစ်မနေ စစ်မှုထမ်းရမှုအတွက် လူတိုင်းလက်ခံနိုင်လောက်သော လစာဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၆ ၅၁၀ မှ ၁၅ ၀၀၀ ထိ တိုးမြှင့်ပေးရန် သဘောတူထားသည်ဟု ချူကောင်ချန်က ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ပါတီညီလာခံတွင် နိုင်ငံလုံခြုံရေးဗျူရို (NSB) မှ ဒု-ညွှန်ကြားရေးမှူးချုပ် ချန်ချင်းကွမ်သည် အောက်တိုဘာ၂၂ ရက်က ပါတီဖွဲ့စည်းပုံ၌ ထိုင်ဝမ်လွတ်လပ်ရေးကို အပြတ်အသတ်ဆန့်ကျင်သွားမည်ဟူသော အပိုဒ်ငယ်ပါရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်က တစ်နှစ်အတွင်း စစ်ပွဲဖြစ်နိုင်ခြေ ရှိ မရှိဟူသော မေးမြန်းချက်နှင့် ပတ်သက်၍ “တရုတ်က ပြန်လည်ပေါင်းစည်းရေးဆိုတဲ့အကြောင်းပြချက်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရအောင်တွန်းအားပေးပြီး အကျပ်ကိုင်တဲ့ နည်းလမ်းကို ပြောင်းလဲ အသုံးပြုနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ကျွန်တော်တို့ ချန်လှပ်မထားပါဘူး” ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required