နိုင်ငံအရှေ့ပိုင်း လာဒက်ဒေသတွင် တရုတ်နှင့် ဖြစ်ပွားသည့် တင်းမာမှုကြောင့် အိန္ဒိယစစ်တပ်က M4 သံချပ်ကာယာဉ်များကို ထပ်မံချထားရန် ပူနေးမြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ Bharat Forge မှ ယာဉ်များကို မှာယူထားသည်။
တောင်တန်းများပေါ်တွင် တရုတ်စစ်တပ်က အကြီးစား သံချပ်ကာ ယာဉ်များကိုချထားခြင်းကြောင့် အိန္ဒိယက ယခုမှာယူထားသည့် ယာဉ်များတွင် အစ္စရေးထုတ် ပဲ့ထိန်းတင့်ဖျက် (ATGM) Spike ဒုံးကျည်များကို တပ်ဆင်ထားမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။
ကုမ္ပဏီက စစ်တပ်ကို ယာဉ်အစီးရေ ၆၀ ပေးပို့ပြီးဖြစ်ရာတွင် အစီး ၃၀ သည် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် ပါဝင်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
ယမန်နှစ် ဖေဖော်ဝါရီလအတွင်းက ကနဦး မှာယူမှုမှာ အစီးရေ ၃၀ မပြည့်ခဲ့သော်လည်း မကြာခင် ထပ်မံမှာယူခဲ့ခြင်း ဖြစ်သည်။
မှာယူခဲ့သည့် ယာဉ်အစီးရေအတိအကျကို ၎င်းတို့က မပြောခဲ့သော်လည်း မြောက်ပိုင်း စစ်နယ်မြေအတွက် လိုအပ်ချက်အပေါ် မူတည်၍ ယာဉ်များကို အသုတ်လိုက် ပြုပြင်မွမ်းမံမှုများ လုပ်ထားကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ သံချပ်ကားများတွင် ATGM စနစ်အပြင် ပြောင်းအကျယ် ၇ ဒသမ၆၂ မီလီမီတာ မှ ၂၀ မီလီမီတာ အထိ ရှိသည့် အော်တိုမစ်တစ် ဆုံလည်သေနတ်ကိုလည်း တပ်ဆင်သွားမည်ဖြစ်သည်။
အိန္ဒိယစစ်တပ်အနေဖြင့် တပ်ဖွဲ့များကို လျင်မြန်စွာ သယ်ပို့နိုင်ပြီး ကုန်းမြေမြင့်များတွင် မောင်းနှင်နိုင်သည့် ဘီးတပ်သံချပ်ကာယာဉ်များကိုလည်း လိုအပ်လျက်ရှိသည်။