ပါကစ္စတန်တွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုက စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်နေ

ပါကစ္စတန်တွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုက စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်နေ

ပါကစ္စတန်နိုင်ငံရှိ ပြည်နယ်အသီးသီးတွင် အရေးကိစ္စ အမျိုးမျိုးနှင့် ပတ်သက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲများနှင့် လူထုစည်းဝေးပွဲများကို မြင်တွေ့နေရသည်။ တစ်နည်းအားဖြင့် ဆန္ဒပြမှုများသည် နိုင်ငံကို အုပ်ချုပ်သောအစိုးရ၏ အရည်အချင်း ညံ့ဖျင်းသော၊ သဘောကွဲလွဲစေသော၊ မိမိတစ်ဦးတည်း ဩဇာဖြင့် အုပ်ချုပ်သော မူဝါဒများကို ထင်ဟပ်ဖော်ပြနေသည်။

ပါကစ္စတန်၏ စီးပွားရေးအခြေအနေသည် ဖရိုဖရဲ ဖြစ်နေသလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း စံချိန်တင် အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေခြင်းနှင့်အတူ နိုင်ငံရေး မတည်ငြိမ်မှုက ကြောက်မက်ဖွယ် အကျိုးဆက်များကို ရှိစေနိုင်သည်။

အစ္စလမ်မာဘတ်ရှိ နိုင်ငံရေး ဆန္ဒပြပွဲများအပြင် ဆင်းဒ်ပြည်နယ်၌ မျိုးနွယ်စုဆိုင်ရာ အကြမ်းဖက် ပဋိပက္ခများ၊ ဘာလိုချီစတန်နှင့် ပါကစ္စတန် ထိန်းချုပ်သော ဂျမူးနှင့် ကက်ရှ်မီးယား (PoJK) တို့၌ ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်ထားခဲ့သည်။

လက်ရှိအချိန်တွင် ရပ်တန့်လျက်ရှိသော အမေရိကန်ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ ငွေကြေးအကျပ်အတည်းမှ ကယ်ထုတ်မှု အစီအစဉ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြန်လည်စတင်လိမ့်မည်ဟုလည်း ပါကစ္စတန်က မျှော်လင့်နေသည်။ ထို့ပြင် IMF ၏ ထပ်တိုး ငွေကြေးပံ့ပိုးမှု အစီအစဉ် (EFF) ကို ဒေါ်လာ ၆ ဘီလီယံမှ ၇ ဘီလီယံသို့ တိုးပေးရေးနှင့် သတ်မှတ်ကာလကိုလည်း ၂၀၂၂ စက်တင်ဘာလမှ ၂၀၂၃ ဇွန်လအထိ တိုးမြှင့်ပေးရန် ပါကစ္စတန်က IMF ဘုတ်အဖွဲ့ကို တောင်းဆိုထားသည်။

နိုင်ငံ၏ စီးပွားရေးက အထက်ပါအခြေအနေအတိုင်း ရှိနေစဉ် IMF ၏ ငွေကြေးအကူအညီ ဖြည့်သွင်းပေးမှုက လက်တလော ဖြေရှင်းချက် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘဏ္ဍာရေးဝန်ကြီးသစ်တစ်ဦးကိုလည်း ခန့်အပ်ထားပြီး ၎င်း၏ ဦးစားပေးတာဝန်က ပါကစ္စတန် ရူပီးငွေတန်ဖိုး တည်ငြိမ်စေရေးပင် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းနှင့် ၎င်းကို ထောက်ခံသူများက ဆန္ဒပြပွဲများ ဆက်လက် လုပ်ဆောင် နေခြင်းနှင့်အတူ နိုင်ငံရေးမျက်နှာစာတွင် လက်ရှိဖြစ်ပေါ်နေသည့် ဖြစ်စဉ်များက စီးပွားရေးဆိုင်ရာ ယုံကြည်မှုအတွက် အထောက်အကူဖြစ်စေမည် မဟုတ်သလို အထိမခံသော ဘဏ္ဍာရေး တည်ငြိမ်မှုကိုသာ အန္တရာယ်အောက် ကျရောက်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly