ပါကစ္စတန် ဆေးရုံ၌ လူသေအလောင်းရာချီ တွေ့ရှိမှု ဖြစ်စဉ်အတွက် အစိုးရတွင် တာဝန်ရှိဟု TTP အဖွဲ့ ပြော

ပါကစ္စတန် ဆေးရုံ၌ လူသေအလောင်းရာချီ တွေ့ရှိမှု ဖြစ်စဉ်အတွက် အစိုးရတွင် တာဝန်ရှိဟု TTP အဖွဲ့ ပြော

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ ဆေးရုံတစ်ရုံ၏ အမိုးပေါ်တွင် တည်ဆောက်ထားသော အခန်းတစ်ခုထဲ၌ ပုပ်ပွနေသော အလောင်းရာချီ တွေ့ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ကွယ်တွင် စစ်တပ် အပါအဝင် ပါကစ္စတန် အဖွဲ့အစည်းများ ရှိနေကြောင်း တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က ပြောကြားလိုက်သည်။

မူလ်တန်မြို့ရှိ ဆေးရုံတစ်ရုံ၌ လူသေအလောင်း ရာချီ တွေ့ရှိမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတွင် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် TTP အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့သလို ထိုဖြစ်စဉ်သည် ပါကစ္စတန် အစိုးရအပြင် ယင်း၏ အဖွဲ့အစည်းများဖြစ်သော Frontier Corps တပ်ဖွဲ့၊ စစ်တပ်နှင့် ထောက်လှမ်းရေးတို့၏ လက်ချက်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

“ပါကစ္စတန်ဟာ သားသတ်သမားတွေရဲ့ နိုင်ငံဖြစ်နေတယ်။ ဒီနိုင်ငံမှာ အထူးသဖြင့် ဘာလို့ချ်နဲ့ ပက်ရှ်တွန် မျိုးနွယ်စုဝင်တွေအပါအဝင် လူတွေရဲ့ အသက်တွေကို အလေးမထားဘဲဖြစ်နေတယ်” ဟု TTP အဖွဲ့က ပြောသည်။

ပါကစ္စတန် အမျိုးသားလွှတ်တော်သည်လည်း ရိုးဖြောင့်မှု မရှိကြောင်းနှင့် ပါကစ္စတန်အစိုးရသည် ဘာလို့ချ် များနှင့် ပက်ရှ်တွန်များအတွက် ရိုးသားစင်ကြယ်သော ရည်ရွယ်ချက်များ ရှိမနေဟု TTP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆေးရုံတွင် တွေ့ရှိသည့် လူသေအလောင်းများသည် ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရပြီး ၎င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖယ်ထုတ်ကာ ယင်းတို့ကို တရားမဝင် ရောင်းချထားခဲ့ကြောင်း ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required