ဂျိုးဘိုင်ဒင်၏ မှတ်ချက်စကားကြောင့် အမေရိကန်သံအမတ်ကို နိုင်ငံမှ နှင်ထုတ်ရန် ပါကစ္စတန် အစ္စလမ္မစ်ပါတီက တောင်းဆို

ဂျိုးဘိုင်ဒင်၏ မှတ်ချက်စကားကြောင့် အမေရိကန်သံအမတ်ကို နိုင်ငံမှ နှင်ထုတ်ရန် ပါကစ္စတန် အစ္စလမ္မစ်ပါတီက တောင်းဆို

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပြီးနောက် ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်ကို နိုင်ငံမှ နှင်ထုတ်ရန် ပါကစ္စတန် အစ္စလမ္မစ် နိုင်ငံရေးပါတီ ဂျမတ်-အီ-အစ္စလမ္မီ၏ အကြီးအကဲ ဆီရာဂျူလ် ဟက်ခ်က အောက်တိုဘာ ၁၆ ရက်တွင် အစိုးရကို တောင်းဆိုလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါကစ္စတန်ကို ဆန့်ကျင်သော မှတ်ချက်စကားများ ထုတ်ဖော်ပြောဆိုခဲ့ခြင်းအတွက် အမေရိကန်ဘက်က ပြန်မတောင်းပန်သရွေ့ အမေရိကန်သံအမတ်ကို နှင်ထုတ်ရန် အဆိုပါ ပါတီအကြီးအကဲက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၁၃ ရက်က ကယ်လီဖိုးနီးယားရှိ ဒီမိုကရက်တစ်ပါတီ ရန်ပုံငွေ ရှာဖွေပွဲတစ်ခုအတွင်း အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်းပြီး ပြောဆိုစဉ် အထက်ပါ မှတ်ချက် စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်း အိမ်ဖြူတော်က ဘိုင်ဒင်၏ မှတ်ချက်စကား မှတ်တမ်း တစ်ခုကို အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ပါကစ္စတန်တွင် အမျက်ဒေါသထွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

“ကျွန်တော့် အမြင်မှာတော့ ပါကစ္စတန်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နိုင်ပါတယ်။ အဲဒီ နိုင်ငံမှာ စည်းလုံးညီညွတ်မှုလည်း မရှိဘဲ နျူကလီးယား လက်နက်တွေပဲ ရှိနေတယ်” ဟု အမေရိကန်သမ္မတက ပြောခဲ့ခြင်း ဖြစ်သည်။

စစ်အေးကာလ မိတ်ဆွေများအကြား စင်းလုံးချော မဟုတ်သော ဆက်ဆံရေး၏ အတိမ်းအစောင်းမခံသည့် အခိုက်အတန့်တစ်ခု၌ ယခုကဲ့သို့ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ပြီးနောက် ပါကစ္စတန်အစိုးရသည် အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းခံခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ကလည်း ၎င်းတို့နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို တွစ်တာမှတစ်ဆင့် ပယ်ချသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly