အင်ဒိုနီးရှား သမ္မတအိမ်တော်အပြင်ဘက်သို့ သေနတ်ကိုင်ပြီး ရောက်လာသည့် အမျိုးသမီးကို ရဲက ဖမ်းဆီးထိန်းသိမ်း

အင်ဒိုနီးရှား သမ္မတအိမ်တော်အပြင်ဘက်သို့ သေနတ်ကိုင်ပြီး ရောက်လာသည့် အမျိုးသမီးကို ရဲက ဖမ်းဆီးထိန်းသိမ်း

အောက်တိုဘာလ ၂၅

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ သမ္မတအိမ်တော်အပြင်ဘက်၌ သေနတ်တစ်လက် ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးကို အာဏာပိုင်များက အောက်တိုဘာ ၂၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်က သမ္မတဖြစ်သူသည် အိမ်တော်၌ ရှိမနေခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုဖြစ်စဉ်သည် ဒေသစံတော်ချိန် မနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး အရာရှိတစ်ဦးဖြစ်သည့် အလီ မိုချ်တာ ဂါဘယ်လင်က ပြောသည်။

သေနတ်ကိုင်ထားသည့် အမျိုးသမီးသည် သမ္မတအိမ်တော်ဝန်းထဲ ဝင်ရောက်ခဲ့ခြင်း မရှိသလို ထိုအချိန်က သမ္မတ ဂျိုကို ဝီဒိုဒိုသည်လည်း အိမ်တော်တွင် ရှိမနေခဲ့ကြောင်း အလီက ပြောသည်။

ထို အမျိုးသမီးသည် မျက်နှာအပြည့်ဖုံးသည့် အစ္စလမ္မစ် မျက်နှာလွှားဇာ ဝတ်ထားပြီး ကိုရန်ကျမ်းကိုလည်း ကိုင်ထားကြောင်း အလီက ပြောသည်။

ထို အမျိုးသမီးသည် အသက် ၂၀ ဝန်းကျင် ဖြစ်ကြောင်းနှင့် သူမသည် သမ္မတအိမ်တော်အနီး သေနတ်ကို ဝှေ့ရမ်းခဲ့ပြီးနောက် လုံခြုံရေးတာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

အဆိုပါ အမျိုးသမီးကို လက်ရှိအချိန်တွင် စစ်ဆေးမေးမြန်းလျက် ရှိကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ သို့သော် သူမ၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးသလို သူမ လက်နက်ကို မည်သို့မည်ပုံ ရခဲ့သလဲဆိုသည်ကိုလည်း မသိရသေးပေ။

ကမ္ဘာ့ မွတ်စလင် အများဆုံး ရှိရာ နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားတွင် ယခင်ကလည်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားထားခဲ့ပြီး တစ်ခါတစ်ရံ အစိုးရအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့များလည်း ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

ယမန်နှစ်ကလည်း ဂျကာတာ ရှိ အမျိုးသားရဲတပ်ဖွဲ့ ဌာနချုပ်၌ အရာရှိများကို ပစ်ခတ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ရဲက ပစ်သတ်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly