ပါကစ္စတန်နှင့် တရုတ်က CPEC အပြင် စင်္ကြံအသစ် ၃ ခု တိုးချဲ့ရန် သဘောတူ

ပါကစ္စတန်နှင့် တရုတ်က CPEC အပြင် စင်္ကြံအသစ် ၃ ခု တိုးချဲ့ရန် သဘောတူ

ပါကစ္စတန်နှင့် တရုတ်တို့သည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အပြင် စင်္ကြံအသစ် ၃ ခုကို ထပ်မံ အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြသည်။

၎င်းတို့မှာ စိုက်ပျိုးရေးပတ်ဝန်းကျင်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အဓိကထား ဆောင်ရွက်မည့် တရုတ်-ပါကစ္စတန်အစိမ်းရောင်စင်္ကြံ (CPGC)၊ ပါကစ္စတန် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ထိရောက်မှုရှိစေရေး ကူညီမည့် တရုတ်-ပါကစ္စတန် ကျန်းမာရေးစင်္ကြံ (CPHC)နှင့် ပါကစ္စတန်၏ IT နယ်ပယ်ကို မြှင့်တင်ပေးမည့် တရုတ်-ပါကစ္စတန် ဒစ်ဂျစ်တယ်စင်္ကြံ (CPDC)တို့ဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မိုအင်းဟက်က ပေကျင်းရှိ China Economic Net (CEN) သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်သည် သိပ္ပံနှင့်နည်းပညာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုမျိုးစုံနှင့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝပြီး အိုင်တီအခြေခံ သိပ္ပံနှင့်နည်းပညာများသည် ပါကစ္စတန်အတွက် အလွန်အရေးပါလာကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

လာမည့်လတွင် ဝန်ကြီးချုပ်ရှက်ဘက်ရှရစ်ဖ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အဆိုပါ စီမံကိန်းများကို တရားဝင် ကြေညာဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ကို တရုတ်သမ္မတရှီကျင့်ဖျင် က ဖိတ်ကြားထားခြင်းဖြစ်သည်။

စင်္ကြံသစ်စီမံကိန်းများသည် ပါကစ္စတန်-တရုတ် ဆက်ဆံရေးကို ခိုင်ခံ့စေမည့် အရင်းအမြစ်များ ဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမှုကို ခိုင်မာစေလိမ့်မည်ဟု သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required