ဖျက်သိမ်းခံထားရသော ဟောင်ကောင်ကျောင်းသားအဖွဲ့ဝင်များကို အဖျက်အမှောင့်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၃ နှစ်အထိချမှတ်

ဖျက်သိမ်းခံထားရသော ဟောင်ကောင်ကျောင်းသားအဖွဲ့ဝင်များကို အဖျက်အမှောင့်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၃ နှစ်အထိချမှတ်

ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသော ကျောင်းသားအဖွဲ့ဝင် ၃ ဦးသည် လမ်းဘေးယာယီစခန်းများ ပြုလုပ်ကာ အစိုးရကို ဆန့်ကျင်ရန် ပြည်သူများအား တိုက်တွန်းခဲ့ပြီးနောက် အဖျက်အမှောင့်လှုံ့ဆော်မှုဖြင့် အောက်တိုဘာ ၂၂ ရက်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံလိုက်ရသည်။

အဆိုပါကျောင်းသား ၃ ဦးနှင့်အခြား ၁ ဦးသည် အာဏာပိုင်များအား ဆန့်ကျင်ရန် ပြည်သူများကို တောင်းဆိုသော ဟောပြောမှုများအပါအဝင် ၂၀၂၀ ခုနှစ် အောက်တိုဘာနှင့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် ပြုလုပ်ခဲ့သော လုပ်ရပ်များအတွက် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရေးကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်။

၎င်းတို့သည် "Student Politicism" အဖွဲ့ဝင်များဖြစ်ပြီး စည်းရုံးရေးမှူးဟောင်း အသက် ၂၁ နှစ်အရွယ် ဝေါင်ယက်ချင်းကို ၃၆ လ၊ အသက် ၂၁ နှစ်အရွယ် ချန်ချီဆန်းကို ၃၄ လနှင့် ၁၉ နှစ်အရွယ် ဂျက်ဆီကာချူးကို လပေါင်း ၃၀ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အသက် ၂၀ အရွယ် အဲလစ်ဝေါင်ကို လေ့ကျင့်ရေးစင်တာတွင် ၃ နှစ် နေရန် အမိန့်ချမှတ်ခဲ့သည်။

ကျောင်းသားအဖွဲ့သည် တရုတ်ပြည်မှ ခွဲထွက်ရန် လှုံ့ဆော်သည့် ဆောင်ပုဒ်များဖြစ်သော “ဟောင်ကောင်ကို လွတ်မြောက်ခွင့်ပေးပါ။ တော်လှန်ဖို့ အချိန်တန်ပြီ” ဟူသော ကြွေးကြော်သံများကို ပြည်သူများ သတိရနေစေရန် တိုက်တွန်းခဲ့ကြောင်း အစိုးရရှေ့နေ ဗင်းဆင့်လီက စွပ်စွဲပြောဆိုခဲ့သည်။

ထိုင်ဝမ်သို့ထွက်ပြေးရန် ကြိုးစားရင်း ၂၀၂၀ ခုနှစ်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော လူငယ် ၂၀ ဦးကို ကူညီရန် တောင်းဆိုမှုနှင့် အစိုးရ၏ ကိုဗစ်-၁၉ ခြေရာခံအက်ပလီကေးရှင်းကို ဖုန်းတွင် မထည့်သွင်းမှုဖြင့် ကျောင်းသားအဖွဲ့ကို တရားစွဲဆိုထားသည်။

တရုတ်၏အုပ်ချုပ်မှုအောက်သို့ ၁၉၉၇ ခုနှစ်က ပြန်လည်ကျရောက်ခဲ့သော ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်အာဏာကိုထိပါးနှောင့်ယှက်မှုကဲ့သို့သော လုပ်ရပ်များကို ထောင်ဒဏ်တစ်သက် အထိ ချမှတ်နိုင်သည်။

အဆိုပါဥပဒေသည် ဘဏ္ဍာရေးအချက်အခြာမြို့ ဟောင်ကောင်၏လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာကို ချေမှုန်းသည့်လက်နက်ဖြစ်ကြောင်း အနောက်နိုင်ငံအစိုးရတချို့က ပြောသည်။ တရုတ်က ၂၀၁၉ ခုနှစ်တွင်

ဒီမိုကရေစီလိုလားသော လမ်းပေါ်ထွက်ဆန္ဒပြမှုများ အချိန်အတော်ကြာဖြစ်ပွားပြီးနောက် ၎င်းဥပဒေကြောင့် တည်ငြိမ်မှုရှိလာသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required