တရုတ်အင်အားကြီးထွားလာချိန်တွင် ဂျပန်နှင့်ဩစတြေးလျတို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

တရုတ်အင်အားကြီးထွားလာချိန်တွင် ဂျပန်နှင့်ဩစတြေးလျတို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ အတင့်ရဲမှုများ ကြီးထွားလာချိန်၌ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအဲလ်ဘာနေးဇီးတို့သည် နှစ်နိုင်ငံကြား လက်တွေ့ကျသော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အောက်တိုဘာ ၂၂ ရက်တွင် ကတိပြုလိုက်ကြသည်။

ပါ့သ်မြို့တွင် ကျင်းပသောဆွေးနွေးပွဲအပြီး၌ ဂျပန်နှင့် ဩစတြေးလျသည် အမေရိကန်နှင့် ၃ နိုင်ငံလုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန်နှင့် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သောနိုင်ငံများကို အရေးယူရန် သဘောတူညီကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ကီရှီဒါနှင့် အဲလ်ဘာနေးဇီးက လက်မှတ် ရေးထိုးခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ရက်သတ္တပတ်ကြာကျင်းပသော အာဏာရကွန်မြူနစ်ပါတီ ညီလာခံတွင် မကြုံစဖူး တတိယအကြိမ်မြောက် အာဏာရလာပါက ထိုင်ဝမ်အပေါ် စစ်ရေးအရ ရန်စမှုများ တိုးမြင့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြစဉ် ဂျပန်နှင့်ဩစတြေးလျ၏ သဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၁ ရက် စတင်ခဲ့သော ၃ ရက်ကြာ သြစတြေးလျခရီးစဉ်၌ ကီရှီဒါနှင့် အဲလ်ဘာနေးဇီးတို့သည် ကွယ်လွန်သွားပြီဖြစ်သော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ထောက်ခံအားပေးသည့် "လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ" ၏ အရေးပါမှုကို အတည်ပြုခဲ့သည်။

ခေါင်းဆောင်းနှစ်ဦးသည် သမ္မတရှီ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း တရုတ်၏ သံတမန်ရေးရာမူဝါဒ မည်သို့ပြောင်းသွားသည်ကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေကြသော်လည်း ကြေညာချက်တွင် တရုတ်နိုင်ငံ အကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

အာဘေးနှင့် ဩစတြေးဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ်တို့သည် သက်ဆိုင်ရာမဟာမိတ်ဆက်ဆံရေးများတွင် ပါဝင်သော ဘုံမဟာဗျူဟာအကျိုးစီးပွားနှင့် လုံခြုံရေးအကျိုးကျေးဇူးများကို အသိအမှတ်ပြုသည့်စာတမ်းကို အမေရိကန်နှင့် ၂၀၀၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

သြစတြေးလျအနောက်ပိုင်း ပြည်နယ်မြို့တော်ပါ့သ်မြို့သို့ မထွက်ခွာမီတွင် ကီရှီဒါက "ဂျပန်အတွက် သြစတြေးလျသည် လွတ်လပ်မှုနှင့် ဒီမိုကရေစီအပြင် ဗျူဟာမြောက် အကျိုးစီးပွားများကဲ့သို့ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများအပေါ် အမြင်ချင်းတူညီသည့် အရေးပါသောနိုင်ငံတစ်နိုင်ငံဖြစ်သည်" ဟု တိုကျို၌ အောက်တိုဘာ ၂၁ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required