တာလီဘန်တို့ ကျောက်တုံးဖြင့် ပစ်ပေါက်သေဒဏ်ပေးခံရမည့် အာဖဂန်အမျိုးသမီးက ပြစ်ဒဏ်မစီရင်မီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွား

By Khaama Press
21 October 2022
တာလီဘန်တို့ ကျောက်တုံးဖြင့် ပစ်ပေါက်သေဒဏ်ပေးခံရမည့် အာဖဂန်အမျိုးသမီးက ပြစ်ဒဏ်မစီရင်မီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွား

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂေါ်ပြည်နယ်တွင် နေအိမ်မှ ထွက်ပြေးပြီး အမျိုးသားတစ်ဦးနှင့် ခိုးရာလိုက်ပြေးခဲ့သည်ဆိုသော အမျိုးသမီးတစ်ဦးကို တာလီဘန်တပ်ဖွဲ့များက ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ပြီး သေဒဏ်ပေးရန် စီစဉ်ထားချိန် ထိုမတိုင်မီ အဆိုပါ အာဖဂန်အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံသွားကြောင်း တာလီဘန်အရာရှိများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က အမျိုးသားတစ်ဦးနှင့် ခိုးရာလိုက်ရန် နေအိမ်မှ ထွက်ပြေးခဲ့သည့် အမျိုးသမီးကို တာလီဘန်တို့က ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ အမျိုးသမီးသည် လူအများရှေ့တွင် အပြစ်ပေးခံရခြင်းမှ ရှောင်လွဲနိုင်ရန် ထိုမတိုင်မီ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ခြင်း ဖြစ်သည်။ တာလီဘန်တို့သည် သူမကို လူမြင်ကွင်းရှေ့၌ ကျောက်တုံးဖြင့် ပစ်ပေါက်ပြီး သေဒဏ်ပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးနှင့်အတူ ထွက်ပြေးခဲ့သည့် အမျိုးသားသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ကြောင်း ဒေသခံ တာလီဘန်အရာရှိများက ပြောသည်။ တာလီဘန်တို့သည် အဆိုပါ အိမ်ထောင်ရှိ အမျိုးသားကို အောက်တိုဘာ ၁၃ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဂေါ်ပြည်နယ်၏ ဒိုလိုင်နာ ခရိုင်တွင် အမျိုးသမီးအကျဉ်းထောင် မရှိသည့်အတွက် ယခုဖြစ်စဉ်တွင် ကျောက်တုံးဖြင့် ပစ်ပေါက်သေဒဏ်ပေးခြင်းခံရရန် ရှိနေသော အမျိုးသမီးသည် ပြစ်ဒဏ်ပေးခြင်း မခံရသေးမီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်ကြောင်း ဂေါ်ပြည်နယ်မှ တာလီဘန် ရဲတပ်ဖွဲ့ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ရာမန်က ပြောသည်။

ထိုအမျိုးသမီးသည် ပြစ်ဒဏ်ပေးခြင်း မခံရသေးမီ လည်စီးပဝါ သုံးပြီး ကိုယ့်ကိုယ်ကိုယ် လည်ညှစ်သတ်သေသွားခြင်း ဖြစ်ကြောင်း တာလီဘန် လုံခြုံရေးအရာရှိက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly