အမေရိကန်တွင်နေသူအား တရုတ်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်သူ ၇ ဦးကို တရားစွဲဆို

အမေရိကန်တွင်နေသူအား တရုတ်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်သူ ၇ ဦးကို တရားစွဲဆို

အမေရိကန်နိုင်ငံတွင် နေထိုင်သော မိသားစုအား နောက်ယောင်ခံစောင့်ကြည့်မှုနှင့်နှောင့်ယှက်မှုဖြင့် တရုတ်နိုင်ငံသား ၇ ဦးကို အောက်တိုဘာ ၂၀ ရက်က တရားစွဲဆိုလိုက်သည်။

တရုတ်အစိုးရက ၎င်းတို့ထဲမှ တစ်ဦးကို နေရပ်ပြန်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

နယူးယောက်မြို့ ဘရွတ်ကလင်း ရှိ အမေရိကန်ခရိုင်တရားရုံးတွင် အမှု ၈ ခုဖြင့် စွဲချက်တင်မှုသည် "Operation Fox Hunt” ခေါ် တရုတ်၏ နေရပ်ပြန်ပို့ရေးလှုပ်ရှားမှုကို ပစ်မှတ်ထားသည့် အမှုဖြစ်သည်။

စွဲချက်တင်ခံရသူ ၇ ဦးမှာ နယူးယောက်မြို့ ရို့စ်လင်းဒေသမှ မှ အသက် ၅၅ နှစ် အရွယ်ကွမ်ကျောင်းအန်း၊ သမီးဖြစ်သူ အသက် ၃၄ နှစ်အရွယ်ကွမ်ယန်းနှင့် အခြား ၅ ဦးမှာ တရုတ်နိုင်ငံတွင် ရှိနေသည့် တီယန်ပန်၊ ချန်ကွမ်ချန်း၊ ချန်ဒီမင်း၊ ရှုရှင်းဟိုးနှင့် ဝေဒေါင်ယွမ်တို့ဖြစ်သည်။

အဓိကတရားခံ ကွမ်ကျိုးအန်နှင့် သမီးဖြစ်သူကို အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ကျန်တရားခံ များမှာ လွတ်နေဆဲဖြစ်သည်။ အမေရိကန်သည် တရုတ်နှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ် ချုပ်ဆို မထားပေ။

ကွမ်ကျိုးအန်းသည် အမေရိကန်တွင် နေထိုင်သော တရုတ်အမျိုးသားနှင့် ၎င်း၏သားဖြစ်သူတို့ကို နှောင့်ယှက်ခြိမ်းခြောက်ရန် တရုတ်ခရိုင်စည်းကမ်းစစ်ဆေးရေးကော်မရှင်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သားအဖ ၂ ဦးကို ဂျွန်ဒို-၁ နှင့် ဂျွန်ဒို-၂ ဟုသာဖော်ပြထားသည်။

အစီအစဉ်အရ တရားခံများသည် ဂျွန်ဒို-၁ အား တရုတ်နိုင်ငံသို့ပြန်လာစေရေး နားချရန် ၎င်းသားအဖ၏ ဆွေမျိုးတော်စပ်သူတစ်ဦးကို တရုတ်မှ အမေရိကန်သို့ ဖိအားပေးကာ သွားခိုင်းခဲ့သည်။

တရုတ်အစိုးရသည် အလိုအရှိဆုံး တရားခံပြေးအယောက် ၁၀၀ အား နေရပ်ပြန်ပို့ရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် သားအဖ ၂ ဦး၏ ဆွေမျိုးတော်စပ်သူအား အမေရိကန်သို့ သွားရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ထိုသူက ၂၀၁၈ ခုနှစ် စက်တင်ဘာက ဂျွန်ဒို-၂ နှင့်စားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံစဉ် ပြောပြခဲ့သည်။

ဖခင်ဖြစ်သူသည် တရုတ်အလုပ်ရှင်ထံမှ ပိုက်ဆံများခိုးယူခဲ့ကာ သားဖြစ်သူကလည်း တရားမဝင်အမြတ်ငွေများ ရရှိခဲ့သည်ဟုဆိုကာ တရုတ်အစိုးရက သားအဖ ၂ ဦးအား နယူးယောက်ပြည်နယ်တရားရုံးတွင် အမှုဖွင့်ထားသည်။

“သားအဖ ၂ ဦးဟာ သူတို့ဘဝနဲ့ မိသားစုတွေကို ချန်ထားခဲ့ပြီး ဒီမှာ ပိုကောင်းမွန်တဲ့ဘဝရဖို့ အာဏာရှင် အစိုးရလက်ကနေ ထွက်ပြေးခဲ့တာပါ။ တရုတ်အစိုးရက သူတို့ကို နှောင့်ယှက် ခြိမ်းခြောက်ပြီး နေရပ်ဆီ အတင်းအကျပ် ပြန်ပို့ဖို့ အမေရိကန်ကို အေးဂျင့်တွေ စေလွှတ်ခဲ့တယ်” ဟု နယူးယောက်FBI ရုံးမှ လက်ထောက်ဒါရိုက်တာ ဒရစ်ကောက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly