တရုတ်ကြွေးမြီထောင်ချောက်မူဝါဒက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တိုးတက်မှုအခြေအနေကို ခြိမ်းခြောက်နေ

တရုတ်ကြွေးမြီထောင်ချောက်မူဝါဒက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တိုးတက်မှုအခြေအနေကို ခြိမ်းခြောက်နေ

တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက်မူဝါဒနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာခြင်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တိုးတက်မှုအခြေအနေကို ခြိမ်းခြောက်လျက်ရှိသည်။

အဆိုပါစီမံကိန်းသည် အခြေခံအားဖြင့် တရုတ်နိုင်ငံအနောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ဆက်သွယ်ပေးသည့် ရထားလမ်းကွန်ရက်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့်ချိတ်ဆက်ရန် အရေးပါသောလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သောကြောင့် အရေးကြီးသည့်စီမံကိန်းအဖြစ် ရှုမြင်ရကြောင်း Nikkei Asia ကဖော်ပြသည်။ စစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများက မြန်မာနိုင်ငံအား အကူအညီများ ဖြတ်တောက်ခဲ့ချိန်တွင် တရုတ်နိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်းအောက်တွင် မြန်မာနိုင်ငံကို အကူအညီပေးရန် အလျင်အမြန် လုပ်ဆောင်ခဲ့သည်။

ရထားလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်း လင်ချန်းနှင့် ဒါလမီ မြို့များအကြား မီးရထားလမ်းဖြင့် ချိတ်ဆက်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်လည်ပတ်ခဲ့သည်။ ၎င်းသည် သယ်ယူပို့ဆောင်ရေး အကွာအဝေးနှင့် အချိန်ကြာသက်သာစေကာ တရုတ်ကုန်းတွင်းပိုင်းမှ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ နိုင်ငံတကာတင်ပို့မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကြွေးမြီ အနည်းငယ်သာရှိသည်။ ကမ္ဘာ့ဘဏ်၏အချက်အလက်များအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီများသည် ၂၀၂၀ ပြည့်နှစ် နိုင်ငံဂျီဒီပီ၏ ၁၇ ရာခိုင်နှုန်းသာရှိပြီး လာအိုက ၉၅ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံက ၇၁ ရာခိုင်နှုန်းအသီးသီးရှိသည်။

တရုတ်မီးရထားလမ်းသည် မြန်မာနိုင်ငံရှိ စီမံကိန်းများစွာတွင် ပါဝင်ပတ်သက်နေသည်။ ရွှေလီမြို့တစ်ဖက်ရှိ မူဆယ်နှင့် မန္တလေးမြို့အကြား ရထားလမ်း ဖောက်လုပ်ရေး ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန် ၂၀၁၈ ခုနှစ်တွင် မြန်မာ့မီးရထားနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။ အဆိုပါစီမံကိန်းတွင် ဘူတာရုံ ၃၆ ခု၊ တံတား ၁၂၄

စင်းနှင့် ဥမင်လိုဏ်ခေါင်း ၆၀ တို့ပါဝင်ပြီး ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိသည်ဟု Nikkei Asia က ဖော်ပြသည်။ ယခုအခါ နိုင်ငံတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် မြန်မာစစ်အာဏာပိုင်များသည် နိုင်ငံတကာ စင်မြင့်ထက်တွင် အထီးကျန်မှုကို ရင်ဆိုင်နေရပြီး တရုတ်နှင့်ရုရှားဆက်ဆံရေးအပေါ် ပိုမိုမှီခိုအားထားရန်သာ မျှော်လင့်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required