ကွင်းဘေးလှဲချစောဒကတက်ခဲ့သည်ကို ဗန်ဟားလ်ပြန်လည် တောင်းပန်

ကွင်းဘေးလှဲချစောဒကတက်ခဲ့သည်ကို ဗန်ဟားလ်ပြန်လည် တောင်းပန်

ဖေဖော်ဝါရီ ၂၉၊ မန်ချက်စတာ ။               ။ မန်ယူအသင်းက အာဆင်နယ်ကို ၃-၂ ဖြင့်နိုင်သည့်ပွဲတွင် အာဆင်နယ်ကစားသမားများ ဟန်ဆောင်လှဲချသည်ကို သရုပ်ပြသည့်အနေဖြင့် စတုတ္ထဒိုင်ရှေ့တွင် လှဲချစောဒကတက်ခဲ့ခြင်းကို မန်ယူနည်းပြဗန်ဟားလ်က ပြန်လည်တောင်းပန်ခဲ့သည်။

"အရမ်းစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ပြီးတော့ ဒိုင်လူကြီးတွေအတွက်လည်း မကောင်းခဲ့ပါဘူး။ ပုံမှန်ဆိုရင် ကျွန်တော်ခုံတန်းမှာပဲထိုင်နေလေ့ရှိပါ တယ်။ အဲဒီလိုထိုင်နေလို့လည်း တော်တော်လေးဝေဖန် ခံရတယ်။

ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ကိုတောင်းပန်ပါတယ်။ ကျွန်တော်စိတ်ထိန်းနိုင်ခဲ့ရမှာပါ"ဟု ဗန်ဟားလ်က ဝန်ချတောင်းပန်ခဲ့သည်။ ဆယ်ကျော်သက်ကစားသမား တစ်ဦးဖြစ်သူ ရက်ရှ်ဖို့ဒ်အတွက် နောက်ထပ်နှစ်ဂိုးသွင်းနိုင်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်း၏ အဆင့် ၄ အတွင်းဝင်ခွင့်မျှော်လင့်ချက်ကိုအားဖြစ်စေခဲ့သလို အာဆင်နယ်ကိုလည်း အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ငါးမှတ်ပြတ်သွား စေခဲ့သည်။

ရက်ရှ်ဖို့ဒ်က "ကျွန်တော့်ပထမဆုံးပရီးမီးယားလိဂ်ပွဲဖြစ်ခဲ့သလို့ အံ့မခန်းပွဲလည်းဖြစ်ခဲ့ပါတယ်။ မာရှယ်ဝင်ကစားမယ်လို့သိထားတာက ကျွန်တော့်အတွက် အကျိုးရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်မကစားရဘူးထင်ပြီး ဒီပွဲအကြောင်း သိပ်မတွေးဖြစ်ခဲ့လို့ပါ။

ဒီပွဲထဲမှာခံစားရတာက ပြောမပြတတ်ဘူး။ သွေးတွေတဖျဉ်းဖျဉ်းဖြစ်နေတာတွေအပြင် အရာတိုင်းက တကယ်ရူးသွပ်ဖို့ကောင်းတယ်"ဟု ပြောသည်။ မစ်ဂျီလန်းနှင့် ယူရိုပါလိဂ်ပွဲတွင် နှစ်ဂိုးသွင်းခဲ့ပြီး အာဆင်နယ်နှင့်ပွဲတွင်လည်း နှစ်ဂိုးသွင်းခဲ့သည့် အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးကို နည်းပြဗန်ဟားလ်ကလည်း ချီးကျူးခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly