ရှင်ကျန်းမှ အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့်ပြုလုပ်သော သွင်းကုန်များအတွက် ဗြိတိန်အစိုးရ တရားစွဲခံရ

ရှင်ကျန်းမှ အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့်ပြုလုပ်သော သွင်းကုန်များအတွက် ဗြိတိန်အစိုးရ တရားစွဲခံရ

ဗြိတိန်အစိုးရသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများကို နိုင်ငံအတွင်းသို့ မဝင်ရောက်ရေးတားမြစ်ရန် ပျက်ကွက်ခဲ့မှုအတွက် စွဲချက်များကို ရင်ဆိုင်ရန် အောက်တိုဘာလကုန်တွင် ရုံးတင်စစ်ဆေးခံရမည်ဟု လူ့အခွင့်အရေးအဖွဲ့များက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဗြိတိန်နှင့်အိုင်ယာလန်တွင် ရုံးခန်းများဖွင့်လှစ်ထားသည့် လူ့အခွင့်အရေးအဖွဲ့ ကမ္ဘာ့ဥပဒေရေးရာ ဆောင်ရွက်မှုကွန်ရက်(GLAN)နှင့် မြူးနစ်အခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) တို့က စွဲဆိုသောအမှုကို ဗြိတိန်တ ရားရုံးတွင် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကြားနာစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း အခွင့်အရေးအဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလွန်စိတ်ပျက်စရာကောင်းပြီး လူသားချင်းမစာနာသည့်အခြေအနေမျိုးတွင် ပြုလုပ်သော ထုတ်ကုန်များ တင်ပို့မှုကို တားမြစ်ရန် ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံဥပဒေအရ လိုက်နာရန် ပျက်ကွက်လျက်ရှိကြောင်း GLANမှ ဥပဒေအရာရှိ ဆိုင်အိုဘန်အယ်လန်က အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။

ရှင်ကျန်း၌ အဓမ္မလုပ်အားပေးခိုင်းစေမှုသည် ဗြိတိန်အပါအဝင် နိုင်ငံတကာဈေးကွက်များသို့ အထည်အလိပ်နှင့်တခြားထုတ်ကုန်များ တင်ပို့သော တရုတ်၏အကြီးမားဆုံးဒေသတွင်း ချည်ထည်လုပ်ငန်းနှင့် ချိတ်ဆက်ထားကြောင်းGLAN နှင့် WUCတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗြိတိန်အစိုးရဟာ ဝီဂါရဲ့ အဓမ္မလုပ်အားနဲ့ ပြုလုပ်တဲ့ထုတ်ကုန်တွေကို ဗြိတိန်ဈေးကွက်ထဲ ဝင်ခွင့်ပေးတာ အချိန်အတော်ကြာနေပါပြီ။ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအခြေအနေအတွင်းမှာ ကျွန်တော်တို့ ပြည်သူတွေကို ခေတ်သစ်ကျွန်ပြုပြီးတော့ ခူးဆွတ်တဲ့ ဝါဂွမ်းတွေဟာ ဒီနိုင်ငံရဲ့ ရောင်းချဖြန့်ဖြူးတဲ့ လုပ်ငန်းတွေထဲ ဆက်လက်ဝင်ရောက်နေတာဟာ ရှက်စရာကောင်းပါတယ်” ဟု WUC ဒါရိုက်တာ ရာဟီမာမာမွတ်က ပြောသည်။

“အစိုးရအနေနဲ့ ဝီဂါတွေရဲ့ အဓမ္မလုပ်အားနဲ့ပြုလုပ်တဲ့ ထုတ်ကုန်တွေကို ဗြိတိန်ထဲ မဝင်အောင် ဦးဆောင် တားမြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အကျပ်အတည်းကို ဖြေရှင်းမယ့် ဥပဒေကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

“ဒီကြားနာမှုဟာ ဗြိတိန်အစိုးရရဲ့ အရေးယူဖို့ပျက်ကွက်မှုအပေါ် တာဝန်ယူစေဖို့နဲ့ အပြောင်းအလဲအတွက် တောင်းဆိုမှုကို ပိုမိုအားကောင်းစေဖို့ ကျွန်တော်တို့အတွက် သမိုင်းဝင်အခွင့်အရေးတစ်ခုပါ” ဟု မာမွတ်က ဆိုသည်။

အမေရိကန်နှင့် အနောက်ပါလီမန် ၉ ခုက ရှင်ကျန်းရှိ မွတ်စလင် အများစုရှိသော အုပ်စုများကို ဖိနှိပ်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly