မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ရေပြင်နယ်စပ်၌ အပြန်အလှန် သတိပေးပစ်ခတ် 

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ရေပြင်နယ်စပ်၌ အပြန်အလှန် သတိပေးပစ်ခတ် 

October 24 

နှစ်နိုင်ငံကြားက ရေပြင်နယ်စပ်ကို ဖြတ်ကျော်လာသည့် မြောက်ကိုရီးယားသင်္ဘောတစ်စင်းကို သတိပေးပစ်ခတ်လိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က တနင်္လာနေ့တွင် ပြောပြီး ယင်းကြောင့် မြောက်ကိုရီးယားကလည်း ပြန်လည်ကာ သတိပေးပစ်ခတ်သည်။ 

မြောက်ကိုရီးယားသည် မကြာသေးသော သီတင်းပတ်များအတွင်း နည်းဗျူဟာ နျူကလီးယား စစ်ရေးလေ့ကျင့်မှုများ အပါအဝင် လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း တုံ့ပြန်ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်သည်။ 

ဆွေးနွေးပွဲများ ရေရှည်ရပ်တန့်နေခြင်းနှင့်အတူ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့၏ ဆက်ဆံရေးသည် နှစ်များစွာအတွင်း အကြွပ်ဆတ်ဆုံး အနေအထားသို့ ရောက်နေသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က မိမိ၏ နိုင်ငံသည် နျူကလီးယားအင်အားအရာ၌ “မပြောင်းမလဲ” ရှိမည်ဟု ကြေညာလိုက်ခြင်းအားဖြင့် ၎င်း၏ တားမြစ်ထားသော လက်နက်စီမံကိန်းများနှင့် ပတ်သက်ကာ စေ့စပ်ညှိနှိုင်းမှုများကို အဆုံးသတ်ပစ်လိုက်သည်။ 

ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သော ၁၉၅၃ ယာယီစစ်ပြေငြိမ်းရေး သဘောတူညီချက်အားဖြင့် ချမှတ်ထားသော ရေပြင်နယ်စပ်သည် ပေါက်ကွဲလုအခြေအနေနီးပါး၌ပင် ရှိနေဆဲ ဖြစ်ပြီး နှစ်ဖက်ကြား၌ ပြီးခဲ့သော ထိပ်တိုက်တွေ့မှုများ၏ တည်နေရာလည်း ဖြစ်နေသည်။ 

မြောက်ပိုင်းကန့်သတ်မျဉ်းဟုခေါ်သော ရေပြင်နယ်စပ်ကို မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်း နံနက် ၃ နာရီ ၄၂ မိနစ်တွင် ဖြတ်ကျော်လာသောလည်း တောင်ကိုရီးယား ရေတပ်၏ သတိပေးပစ်ခတ်မှုကြောင့် ပြန်လှည့်သွားကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ 

“မြောက်ကိုရီးယားရဲ့ ဆက်လက် ရန်စမှုတွေနဲ့ အဆင်အခြင်မဲ့ ပြောဆိုမှုတွေဟာ ကိုရီးယားကျွန်းဆွယ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယိုင်နဲ့စေတယ်”ဟု ထုတ်ပြန်ချက်၌ ဆိုပြီး မြောက်ကိုရီးယားအနေဖြင့် “ချက်ချင်း ရပ်တန့်ရန်” တိုက်တွန်းပြောဆိုထားသည်။ 

တောင်ကိုရီးယား စစ်ရေယာဉ်သည် သတ်မှတ်နယ်စပ်ကို ၂ ဒသမ ၅ ကီလိုမီတာမှ ၅ ကီလိုမီတာအထိ “ကျူးကျော်ဝင်ရောက်လာကြောင်း”၊ ပြောပြီး နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းမှနေ၍ ၁၀ ကြိမ်တိုင် သတိပေးပစ်ခတ်ခဲ့ရကြောင်း မြောက်ကိုရီးယား စစ်တပ်ကလည်း ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly