ပါကစ္စတန်စစ်တပ်က ၁၉၇၁ တွင် ဘင်္ဂလားဒေ့ရှ်၌ လူမျိုးတုန်းသတ်မှု ကျူးလွန်ခဲ့ကြောင်း အဆိုပြုချက်သစ်တစ်ရပ်ကို အမေရိကန်လွှတ်တော်သို့ တင်သွင်း

By MSN
19 October 2022
ပါကစ္စတန်စစ်တပ်က ၁၉၇၁ တွင် ဘင်္ဂလားဒေ့ရှ်၌ လူမျိုးတုန်းသတ်မှု ကျူးလွန်ခဲ့ကြောင်း အဆိုပြုချက်သစ်တစ်ရပ်ကို အမေရိကန်လွှတ်တော်သို့ တင်သွင်း

ပါကစ္စတန်တပ်ဖွဲ့များသည် ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီများနှင့် ဟိန္ဒူများအပေါ် လူမျိုးတုန်းသတ်မှု ကျူးလွန်ခဲ့ကြောင်း အဆိုပြုချက် မူကြမ်းတစ်ရပ်ကို အောက်တိုဘာ ၁၄ ရက်က အမေရိကန်အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အိန္ဒိယနွယ်ဖွား အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ရို ခန်နာနှင့် ကွန်ဂရက်အမတ် စတိဗ် ချာဘော့တ်တို့က အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ထိုဆုံးဖြတ်ချက်ထဲတွင် ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်၌ ပါကစ္စတန်စစ်တပ် ကျူးလွန်သည့် အကြမ်းဖက်မှုကို “လူမျိုးတုန်းသတ်မှု” အဖြစ် အသိအမှတ်ပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းထားသည်။

ထို့ပြင် ယင်းကဲ့သို့သော လူမျိုးတုန်းသတ်မှုတစ်ခု၌ ပါဝင်ပတ်သက်ခဲ့မှုအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ပြန်တောင်းပန်ရန် ပါကစ္စတန်အစိုးရကို အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် တိုက်တွန်းတောင်းဆိုထားသည်။

“လူသန်းချီ အစုလိုက် အပြုံလိုက် အသတ်ခံရတာကို နှစ်တွေကြာသွားတာနဲ့ပဲ ကျွန်တော်တို့ မေ့ဖျောက်ပစ်လို့ မရပါဘူး” ဟု ရီပတ်ဘလစ်ကန် ပါတီဝင်တစ်ဦးဖြစ်သည့် စတိဗ် ချာဘော့တ်က တွစ်တာတွင် ရေးသည်။

“လူမျိုးတုန်းသတ်မှု ဖြစ်ခဲ့တာကို အသိအမှတ်ပြုတာက သမိုင်း မှတ်တမ်းတွေကို အားကောင်းစေသလို ကျွန်တော်တို့ရဲ့ ရောင်းရင်း အမေရိကန်နိုင်ငံသားတွေကိုလည်း အသိပညာပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး ဒီလိုမျိုး ပြစ်မှုတွေဟာ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး ဒါမှမဟုတ် မေ့လျော့ထားလို့ မရဘူးဆိုတာကို နောက်ထပ် ဒါမျိုးပြစ်မှုမျိုး ကျူးလွန်ချင်သူတွေလည်း သိသွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required