သမ္မတရှီကျင့်ဖျင်၏ တောင်းဆိုမှုကြောင့် တရုတ်အကြီးဆုံးနိုင်ငံပိုင်ဘဏ်၆ခုက စီးပွားရေးတိုးတက်စေရန် ကူညီမည်ဟု ကတိပြု

သမ္မတရှီကျင့်ဖျင်၏ တောင်းဆိုမှုကြောင့် တရုတ်အကြီးဆုံးနိုင်ငံပိုင်ဘဏ်၆ခုက စီးပွားရေးတိုးတက်စေရန် ကူညီမည်ဟု ကတိပြု

ကွန်မြူနစ်ပါတီ၏အရေးပါသည့် ညီလာခံဖွင့်ပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင်က အရည်အသွေးမြင့် စီးပွားရေးအခြေအနေ ဖြစ်ပေါ်လာရေး တိုးတက်မှုတောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်၏အကြီးဆုံးနိုင်ငံပိုင်ဘဏ်၆ခုက နှေးကွေးနေသည့် စီးပွားရေးကို ပံ့ပိုးကူညီသွားမည်ဟု ကတိပြုလိုက်ကြသည်။

ပိုင်ဆိုင်မှုအားဖြင့်ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်သောတရုတ်စက်မှုလုပ်ငန်းနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်က အထင်ကရဘဏ်ကြီးတစ်ခုအဖြစ်အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီးစစ်မှန်သောစီးပွားရေးအတွက်ချေးငွေ အထောက်အပံ့ကိုပိုမိုတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းရှန်ဟိုင်းစတော့အိတ်ချိန်းသို့အောက်တိုဘာ၁၆ရက်က တင်သွင်းသည့်စာတွင်ဖော်ပြထားသည်။

တရုတ်စိုက်ပျိုးရေးဘဏ်၊တရုတ်ဘဏ်နှင့်စာတိုက်စုဆောင်းရေးဘဏ်တို့က၂၀၂၂ခုနှစ်ပထမ ၃လပတ်တွင် ချေးငွေပေးမှုအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးစီးပွားရေးတည်ငြိမ်ပြီးအရည်အသွေးမြင့်မားသော လည်ပတ်မှုအတွက်လိုအပ်သောငွေကြေးအင်အားကိုဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်ဆောက်လုပ်ရေးဘဏ်နှင့်ဆက်သွယ်ရေးဘဏ်တို့ကလည်းငွေချေးမှုလျင်မြန်စွာကြီးထွားလာကြောင်းနှင့် စီးပွားရေးပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်စေရန်ကြွေးမြီအန္တရာယ်စီမံခန့်ခွဲမှုကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသည်ကျယ်ပြန့်သောကိုဗစ်-၁၉ပိတ်ဆို့ကန့်သတ်မှုများနှင့် အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုကြောင့် ဒုတိယ ၃လပတ်တွင်စီးပွားရေးကျုံ့မှုကိုအနည်းငယ်သာ ကပ်လွဲခဲ့သည်။

တတိယ ၃လပတ်အတွင်းဘဏ်များသည် အိမ်ခြံမြေလုပ်ငန်း၊အခြေခံအဆောက်အအုံကဏ္ဍနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်ကြွေးမြီထောက်ပံ့မှုကိုတိုးမြှင့်ပေးခဲ့သည်။

တရုတ်အစိုးရပိုင်ဘဏ်ကြီးများသည်အစိုးရ၏မူဝါဒလမ်းညွှန်ချက်များကိုအလျင်မြန်ဆုံးတုံ့ပြန်လေ့ရှိကြသည်။

စက်တင်ဘာလတွင်တရုတ်ဆောက်လုပ်ရေးဘဏ်ကရုန်းကန်နေရသောအိမ်ခြံမြေကဏ္ဍကိုကူညီရန်အငှားအိမ်ရာများကိုငွေကြေးထောက်ပံ့ရန်ယွမ်ငွေ၃၀ဘီလီယံ (အမေရိကန်ဒေါ်လာ၄ဘီလီယံ) ရန်ပုံငွေကို ထူထောင်ရန်စီစဉ်ထားကြောင်းကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required