ဘင်္ဂလားဒေ့ရှ်တွင် အမြန်လမ်းတံတားမတော်တဆမှုကြောင့် တရုတ် ကန်ထရိုက်များ စီမံကိန်းလုပ်ငန်းများ ထပ်မရ

ဘင်္ဂလားဒေ့ရှ်တွင် အမြန်လမ်းတံတားမတော်တဆမှုကြောင့် တရုတ် ကန်ထရိုက်များ စီမံကိန်းလုပ်ငန်းများ ထပ်မရ

တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူတည်ဆောက်သည့် တံတားတစ်စင်းတွင် အောက်ခံရက်မပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းပို့ဆောင်ရေးနှင့်တံတားဝန်ကြီးဌာန ဝန်ကြီး အိုဘိုင်ဒူကွာဒါက အမြန်ယာဉ်သွားလမ်း အမှတ်-၃ (BRT) စီမံကိန်းကို ဆောင်ရွက်နေသည့် အဆိုပါ တရုတ်ကုမ္ပဏီအား နောက်ထပ်စီမံကိန်းများ ထပ်မံအပ်နှံတော့မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

ကုမ္ပဏီသည် BRTမတော်တဆမှုအတွက် တာဝန်ရှိသော်လည်း သုံးစွားထားသည့် ကုန်ကျမှုများနှင့်အချိန် သက်သာစေရန် စီမံကိန်းကို ပြီးဆုံးသည်အထိလုပ်ဆောင်ရန် ခွင့်ပြုထားသည်ဟု ဝန်ကြီး ကွာဒါက အောက်တိုဘာ ၁၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မတော်တဆမှုသည် သြဂုတ် ၁၅ ရက်က ဖြစ်ပွားခဲ့ပြီး ထိုအချိန်တွင် စီမံကိန်း၏ ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“စီမံကိန်းအတွက် ကန်ထရိုက်တာအသစ် ထပ်ငှားရင် နှစ်ပေါင်းများစွာ အချိန်ယူရတဲ့အတွက် နိုင်ငံရဲ့ ပစ္စည်းနဲ့ ငွေကြေးတွေကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ” ဟု ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ Daily Star က ဖော်ပြသည်။

“တရုတ်ကန်ထရိုက်က ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ပြီးအောင်လုပ်လိမ့်မယ်။ အဲဒါပြီးရင် ဘင်္ဂလားဒေ့ရှ်မှာ ဆက်လုပ်ခွင့်မပေးတော့ဘူး” ဟု ဝန်ကြီးက ပြောသည်။

ဩဂုတ်လ ၁၅ ရက်က ဒါကာ-မိုင်မမ်ဆင်းအဝေးပြေးလမ်းပေါ်တွင်သွားနေသော ကားတစ်စီးပေါ်သို့ ကရိန်းဖြင့်သယ်လာသော တံတားရက်မအပိုင်းအစတစ်ခု ပြုတ်ကျမှုကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြီးနောက် လူသေဆုံးမှုများဖြစ်စေခဲ့သော ပေါ့ဆမှုအတွက် တရုတ်ကွန်ထရက်တာ Gezhouba Group Co Ltd တွင် တာဝန်ရှိကြောင်း တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required