“အကျိုးစီးပွား ပြသနာတွေကြား၊ အင်န်အယ်လ်ဒီ ကြားညပ်သွားလေမလား။”

“အကျိုးစီးပွား ပြသနာတွေကြား၊ အင်န်အယ်လ်ဒီ ကြားညပ်သွားလေမလား။”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅၊ ၂၆ ရက်နေ့တွေက ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေဟာ ထူးခြားမှုများစွာရှိခဲ့ပြီး နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ အထူးစိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ လွှတ်တော်မှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က သက်တန်းကုန်ကာနီး အစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ အရေးကြီး အဆိုတစ်ခု တင်ခဲ့ပြီး အဲဒီ အဆိုနဲ့ ပတ်သက်လို့ အစိုးရဘက်က လွှတ်တော်တွင်း သွားရောက် ဖြေကြားခြင်း မရှိခဲ့ပါဘူး။ လွှတ်တော်တွင်း တင်သွင်းတဲ့ အရေးကြီး အဆိုဟာ ဘယ်လိုမျိုးလဲ၊ ဘယ်လို ကိစ္စတွေ ပါဝင်သလဲ၊ အကျိုးစီးပွားတွေကြား၊ အင်န်အယ်လ်ဒီ ကြားညှပ်သွားမလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ ဒေါ်ခင်စန်းလှိုင် တင်သွားတဲ့ အရေးကြီးအဆို အပြည့်အစုံကတော့ ခုလို ဖြစ်ပါတယ်။ “နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲ အပြီးနောက် ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ အလျင်စလို ငှားရမ်း လွဲှပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အားဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတ များကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညီမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွဲှပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု၊ စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသား တို့ အကျိုးစီးပွားအတွက် အသေးစိတ် စီစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီးဖြစ်ပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်က ဥပမာ တစ်ချို့ပေးပြီး ရှင်းလင်း ပြောဆိုခဲ့ပါသေးတယ်။ သူပြောတဲ့အထဲမှာ အခြား ကိစ္စရပ် များစွာအပြင် ထူးထူးခြားခြား ဆက်သွယ်ရေး ကဏ္ဍနဲ့ ဆိုင်တဲ့ နိုင်ငံရဲ့ ရှားပါး သယံဇာတ ဖြစ်တဲ့ ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum သုံးစွဲခွင့် အတွက် တင်ဒါ ခေါ်ယူနေတဲ့ ကိစ္စ လည်း ပါဝင်နေတာ တွေ့ရပါတယ်။ သူ့အဆိုကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် ဖွင့်ဆိုရရင် “သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့က တာဝန်ရှိသူတွေ အာဏာလွဲှမပေးခင် ကိုယ်ကျိုးစီးပွား လုပ်နေတာတွေ ရပ်ကြပါတော့” ဆိုပြီးဖြစ်ပါတယ်။ ခုလို အလားသဏ္ဍာန် ဆင်တူတဲ့ လုပ်ရပ်မျိုးအရင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပထမ အကြိမ် လွှတ်တော် ကာလ တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အချိန်တုန်းကတော့ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အုပ်စုနဲ့ အစိုးရအဖွဲ့ကို လွှမ်းမိုးထားတဲ့ အုပ်စုတွေကြားက ကိုယ်ကျိုးစီးပွားဆိုင်ရာ ပြသနာကို ထင်ဟပ်တဲ့ ပြသနာတွေ ဖြစ်ခဲ့တာပါ။ အခုကိစ္စမှာလည်း အဆိုတင်သူဟာ အင်န်အယ်လ်ဒီ ပါတီဝင် အမတ်တစ်ယောက်ဖြစ်ပေမယ့် အဆိုမှာပါတဲ့ အချက်အလက်တွေကို ဘယ်သူတွေက ပြုစုပေးလိုက်သလဲ၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်က သူကောင်းပြုထားလို့ လွှတ်တော်အထူးကော်မတီတစ်ရပ် တာဝန်ရထားတဲ့ သူရဦးရွှေမန်းနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေရဲ့ လက်ရာတွေများ ပါဝင်လေမလား ဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ ဥပမာ အားဖြင့် ဒေါ်ခင်စန်းလှိုင် နမူနာ ပေးတဲ့ဆီမှာ အချက်တစ်ခု အနေနဲ့ ပါဝင်တဲ့ “နိုင်ငံရဲ့ ရှားပါး သယံဇာတ ဖြစ်တဲ့ ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum သုံးစွဲခွင့် အတွက် တင်ဒါ ခေါ်ယူနေတဲ့ ကိစ္စ” မှာဖြစ်ပါတယ်။

နောက်နေ့ အစိုးရထုတ် သတင်းစာမှာ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင်ရဲ့ ပြန်လည် ဖြေရှင်းချက်ကိုကြည့်ရင် ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum သုံးစွဲခွင့် တင်ဒါခေါ်တဲ့ကိစ္စ ရှင်းရှင်းလင်းလင်း မြင်ရ မှာဖြစ်ပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှု အဆင့်မြင့်လာစေဖို့အတွက် ဒီလုပ်ငန်းကိုအကောင်အထည် ဖော်နေတာဖြစ်ပြီး အရင် ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်တုန်းကလိုပဲ နိုင်ငံတကာ အကြံပေးအဖွဲ့ ငှားရမ်း လုပ်ကိုင်နေတာ ဖြစ်တယ်၊ တကယ့် လေလံ လုပ်ငန်းစဉ် အားလုံး ပြီးစီးမယ့် အချိန်ဟာ ၂၀၁၇ နှစ်ဆန်းပိုင်းလောက် ဖြစ်နိုင်တယ် ဆိုပြီး ပြော ဆိုခဲ့ပါတယ်။

ဒုဝန်ကြီးရဲ့ ပြောဆိုချက်မှာ ထူးခြားတာ တစ်ခု သတိပြုမိနိုင်ပါတယ်။ ဒီ ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum ကို ၂၀၀၉ ခုနှစ်ကတည်းက ရတနာပုံ တယ်လီပို့နဲ့ RedLink ကုမ္ပဏီတွေက အခမဲ့ သုံးစွဲနေခဲ့ကြ တယ်ဆိုတဲ့ ကိစ္စပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရတနာပုံ တယ်လီပို့ ဆိုတာ အရင် စစ်အစိုးရခေတ် ခရိုနီထိပ်သီးတွေ စုပေါင်းထားတဲ့ ကုမ္ပဏီဖြစ်ပြီး RedLink ကုမ္ပဏီကတော့ သူရဦးရွှေမန်းရဲ့ သားတစ်ယောက် ပိုင်ဆိုင်တဲ့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိ ဆက်သွယ်ရေးက ဆောင်ရွက်နေတဲ့ Spectrum သုံးစွဲမှု လေလံကနေ သုံးစွဲခွင့် ဈေးနှုန်းတွေ ထွက်လာတာနဲ့ လက်ရှိ Spectrum သုံးစွဲနေတဲ့ ကုမ္ပဏီတွေဟာ ၂၀၀၉ ခုနှစ်ကတည်းက သုံးစွဲခဲ့တဲ့ သုံးစွဲခ နှုန်းတွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ် လို့ ဆိုပါတယ်။ ဒီအချက် အလွန်အရေးကြီးပါတယ်။

Spectrum လေလံ ဈေးနှုန်းသာ ထွက်ခဲ့မယ်ဆိုရင် အခမဲ့ သုံးခဲ့တဲ့ ရတနာပုံ တယ်လီပို့ နဲ့ RedLink ကုမ္ပဏီတွေဟာ အစိုးရဆီ သုံးစွဲခတွေ ပေးချေရတော့မှာ ဖြစ်လေတော့ အဲဒီ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား သွားထိခိုက်နိုင်ပါတယ်။ ဒေါ်ခင်စန်းလှိုင်နဲ့ အင်န်အယ်လ်ဒီ ဟာ ဒီ Spectrum သုံးစွဲမှု ကိစ္စ ဂဃနဏ သိကြသလား၊ သိကြတယ် ဆိုရင် နောက်ကြောင်းပြန် အခကြေးငွေ ပြန်ပေးရမယ့် ရတနာပုံ တယ်လီပို့ နဲ့ RedLink ကုမ္ပဏီတွေဘက်က ကာကွယ်လိုရင်းနဲ့ အဆိုထဲမှာ ဒီကိစ္စ ထည့်သွင်းထားလေသလား မသိနိုင်ပါဘူး။

အလားတူ ကြီးကျယ်တဲ့ ကိစ္စမျိုး ပထမ အကြိမ် လွှတ်တော်ကာလတုန်းက ဖြစ်ခဲ့ဖူးပါသေးတယ်။ အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနဟာ အရင် စစ်အာဏာရှင်တွေ လုပ်ထားလို့ နာမည်ပျက်နေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးပြသနာ ပြေလည်နိုင်အောင် နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာ ခေါ်ပြီး တင်ဒါတွေ ပြိုင်ခိုင်းခဲ့ပါတယ်။ တင်ဒါရွေးချယ်ရာမှာလည်း နိုင်ငံတကာ ကျွမ်းကျင် အကြံပေး ကုမ္ပဏီတွေ ခေါ်ယူ ငှားရမ်း အသုံးပြုခဲ့ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တယ်လီနောနဲ့ အော်ရီဒူး ကုမ္ပဏီတွေ တင်ဒါအောင်မြင်ခဲ့ပါတယ်။ အဲလို တင်ဒါ ပေးလိုက်တဲ့ကိစ္စ အကောင်အထည် မဖော်ဖို့ ဆိုပြီး သူရဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ လွှတ်တော်ဘက်က အုပ်စုတွေ အကြီးအကျယ် ကန့်ကွက်ခဲ့ကြပါသေးတယ်။ တကယ်လို့များ အဲဒီတုန်းက သူရဦးရွှေမန်းတို့ဘက်က ကန့်ကွက်ခဲ့တဲ့ အတိုင်းသာ ဖြစ်ခဲ့ရင် ဒီကနေ့ ပြည်သူတွေ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်တဲ့ အခြေအနေကိုလည်း ရောက်လာမှာ မဟုတ်ပါဘူး။ ဒါဟာ သူရဦးရွှေမန်းနဲ့ လွှတ်တော်ဟောင်း အုပ်စုရဲ့ ကိုယ်ကျိုးစီးပွား မက်မောမှု ပြသနာ၊ လွှတ်တော်ဟောင်းရဲ့ ပြည်သူတွေကို မငဲ့ကွက်တဲ့၊ အရှက်ရဖို့ အလွန်ကောင်းတဲ့ လုပ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခု ပြသနာမှာလည်း ဒေါ်ခင်စန်းလှိုင် အနေနဲ့ Spectrum ကိစ္စ ဘာကြောင့် ထည့်သွင်းပြောရသလဲ၊ ပြန်ပြီး ဆန်းစစ်ဖို့ လိုပါတယ်။ အင်န်အယ်လ်ဒီ ဟာ အစိုးရဘက်က အုပ်စုနဲ့ အရင် လွှတ်တော်ဟောင်း အုပ်စု ဘက် နှစ်ဖက်အကြားက ကိုယ်ကျိုးစီးပွားဆိုင်ရာ ပြသနာတွေကြား ကြားညှပ်မသွားဖို့ လိုပါတယ်။ အင်န်အယ်လ်ဒီ ဟာ သိပ်မကြာခင် အစိုးရ အာဏာ ရယူနိုင်ပါတော့မယ်။ ဒီအခါ ကိုယ်ကျိုးစီးပွား လုပ်ကိုင်နေကြတဲ့ လုပ်နည်းလုပ်ဟန်တွေကနေ ပြည်သူ့အကျိုးစီးပွား အတွက် ဦးတည် အကောင်အထည် ဖော်တဲံဘက်ဆီ သွားကြရပါလိမ့်မယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ကိစ္စ၊ နည်းပညာ အတတ်ပညာ ဆိုင်ရာ ကိစ္စတွေမှာ မကျွမ်းကျင် နားမလည်ရင်တော့ ထောင်ချောက်တွေထဲ ဝင်မိပြီး ဒီဘက်အုပ်စု အကျိုးစီးပွားဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့နေရာမှာ ဟိုဘက်အုပ်စု အကျိုးစီးပွား ဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့ ဆိုတဲ့ အခြေအနေမျိုး ကျရောက်သွားနိုင်တဲ့ အန္တရယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly