သီတင်းပတ် ၆ ပတ်မြောက်ထဲ ရောက်လာသည့် အီရန် ဆန္ဒပြပွဲများ ဆက်လက်အရှိန်ကောင်းနေ

သီတင်းပတ် ၆ ပတ်မြောက်ထဲ ရောက်လာသည့် အီရန် ဆန္ဒပြပွဲများ ဆက်လက်အရှိန်ကောင်းနေ

October 23

အီရန်နိုင်ငံတွင် ရဲက ထိန်းသိမ်းထားစဉ် အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုကြောင့် အစပြုပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများက ယခုအခါ သီတင်းပတ်ခြောက်ပတ်မြောက်ထဲ ဝင်လာပြီ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ အောက်တိုဘာ ၂၂ ရက်တွင် အဆိုပါနိုင်ငံ၌ ဈေးဆိုင်ရှင်များနှင့် စက်ရုံအလုပ်သမားများသည် လုပ်ငန်းခွင် မဝင်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

နိုင်ငံ၏ တင်းကျပ်သော ဝတ်စားဆင်ယင်မှု စည်းမျဉ်းကို ချိုးဖောက်၍ ဟုဆိုပြီး ဖမ်းဆီးခံရသည့် အသက် ၂၂ နှစ်ရှိ မာဟ်ဆာ အာမီနီ အမည်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုကြောင့် အဆိုပါ အစ္စလမ္မစ် သမ္မတနိုင်ငံတွင် နှစ်များစွာအတွင်း မကြုံစဖူး အကြီးမားဆုံးသော ဆန္ဒပြပွဲများကို ပေါ်ပေါက်စေခဲ့သည်။

အမျိုးသမီးငယ်များက ဆန္ဒပြလှုပ်ရှားမှုတွင် ရှေ့တန်းမှ ဦးဆောင်ပြီး ၎င်းတို့၏ ခေါင်းစည်းပဝါများကို ဖယ်ထုတ်ကာ အစိုးရ ဆန့်ကျင်သော ကြွေးကြော်သံများ အော်ဟစ်ရင်း လမ်းများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ကြသည်။ တစ်ချိန်တည်းမှာပင် လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် သေဆုံးသူ ၁၂၂ ဦးထက်မနည်း ရှိပြီဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

အီရန်၏ အလုပ်လုပ် သီတင်းပတ် အောက်တိုဘာ ၂၂ ရက်က စတင်ခဲ့ချိန် ဆန္ဒပြမှုအသစ်များ ထပ်မံလုပ်ဆောင်ရေး တက်ကြွလှုပ်ရှားသူများက ဆော်ဩခဲ့ကြသည်။ သို့သော် အင်တာနက် ထိန်းချုပ်ကန့်သတ်ထားမှုကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်သူအရေအတွက်ကို ခန့်မှန်းရန် ခက်ခဲနေခဲ့သည်။

“စနေနေ့ကျရင် ကျွန်မတို့ လွတ်လပ်မှုအတွက် အတူတကွ ရှိနေကြပါမယ်’ ဟု တက်ကြွလှုပ်ရှားသူ အာတီနာ ဒါအီမီက တွစ်တာပို့စ်တစ်ခုတွင် ရေးခဲ့ပြီး ကတုံးတုံးထားသည့် အမျိုးသမီးတစ်ဦး လက်သီးဆုပ် လေထဲမြှောက်ထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။

ဆန်နန်ဒါဂျ်၊ ဘူကန်နှင့် ဆာကက်ဇ် အပါအဝင် မြို့ကြီးတချို့တွင် သပိတ်မှောက်ဆန္ဒပြမှုများ ရှိခဲ့ကြောင်း၊ သို့သော် အင်တာနက်လိုင်း နှေးနေမှုကြောင့် ၎င်းတို့၏ လှုပ်ရှားမှုများကို အွန်လိုင်းပေါ်တွင် တွေ့ရရန် ခက်ခဲခဲ့ကြောင်း 1500tasvir ဆိုရှယ်မီဒီယာ ချန်နယ်က အေအက်ဖ်ပီကို ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly