ရှီကျင့်ဖျင်က တရုတ်ခေါင်းဆောင်အဖြစ် သမိုင်းဝင် တတိယသက်တမ်း ရယူ

ရှီကျင့်ဖျင်က တရုတ်ခေါင်းဆောင်အဖြစ် သမိုင်းဝင် တတိယသက်တမ်း ရယူ
Photo - EPA

October 23

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ၏ ခေါင်းဆောင်အဖြစ် သမိုင်းဝင် တတိယသက်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပြီး ကွန်မြူနစ်ပါတီတွင်းရှိ ၎င်း၏ အနီးကပ်ဆုံး မဟာမိတ်တချို့ကိုလည်း ရာထူးတိုးမြှင့်ပေးခဲ့သည်။ ယင်းအတွက်ကြောင့် ရှီသည် မော်ဇီတုန်း နောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအကြီးဆုံး ခေါင်းဆောင်ကြီးဆိုသည့် ရပ်တည်မှုကို ခိုင်မာစေခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီသည် ရှီကို ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် နောက်ထပ် ငါးနှစ်သက်တမ်း ရွေးချယ်တာဝန်ပေးခဲ့ကြောင်း ဆင်ဟွာက ဖော်ပြသည်။ ယင်းအတွက်ကြောင့် နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ အခွင့်ထူးခံများအကြား အာဏာမျှဝေလာခဲ့ပြီးနောက် ယခုအခါ လူပုဂ္ဂိုလ်တစ်ဦးတည်း အုပ်ချုပ်မှုအဖြစ်သို့ ဦးတည်စေခဲ့သည်။

“ကျွန်တော်တို့အပေါ် ယုံကြည်ပေးတဲ့အတွက် ပါတီတစ်ရပ်လုံးကို ကျွန်တော် တကယ့်ကို ကျေးဇူးတင်တယ်” ဟု ရှီက ပေကျင်းမြို့ ပြည်သူ့ခန်းမ၌ တံခါးပိတ် မဲခွဲရလဒ် ထွက်ပေါ်ပြီးနောက် ဂျာနယ်လစ်များကို ပြောသည်။

“မိမိ ပါတီနှင့် မိမိတို့ ပြည်သူများ၏ အထူး ယုံကြည်မှုနှင့် ထိုက်တန်ကြောင်း ပြသရန် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် ကြိုးစား အလုပ်လုပ်သွားမည် ဖြစ်သည်” ဟု ၎င်းက ကတိပြုသည်။

ထို့ပြင် ရှီသည် တရုတ်၏ ဗဟိုစစ်ကော်မရှင် အကြီးအကဲအဖြစ်လည်း ပြန်လည်ခန့်အပ်ခံရသည်။

အသက် ၆၉ နှစ်ရှိ ရှီသည် ယခုအခါ တရုတ်သမ္မတအဖြစ် တတိယသက်တမ်းတစ်ခု ဆက်လက် ရယူနိုင်ရန် သေချာသလောက် ရှိနေပြီး ယင်းကို လာမည့် မတ်လတွင် ကျင်းပမည့် အစိုးရ၏ တစ်နှစ်တာ ဥပဒေပြုအစည်းအဝေးအတွင်း တရားဝင် ကြေညာသွားမည် ဖြစ်သည်။

သီတင်းတစ်ပတ်ကြာ ကျင်းပခဲ့သည့် ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် တက်ရောက်လာသည့် ပါတီကိုယ်စားလှယ် ၂၃၀၀ ဦးက ရှီ၏ ခေါင်းဆောင်မှုဆိုင်ရာ ရပ်တည်မှုကို ထောက်ခံအတည်ပြုခဲ့သလို ၎င်း၏ ပြိုင်ဘက်ဟောင်းများ ရာထူးမှ ဆင်းပေးရသည်ကို မြင်ခဲ့ရသည့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတစ်ရပ်ကိုလည်း အတည်ပြုပေးခဲ့သည်။

ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံက အကြီးတန်းပါတီအရာရှိ ၂၀၀ ခန့် ပါသော ဗဟိုကော်မတီသစ်ကို ရွေးချယ်ခဲ့ပြီး အဆိုပါ ကော်မတီသစ်တွင် ပါဝင်သူများက အောက်တိုဘာ ၂၃ ရက်တွင် ရှီ အပြင် တရုတ် နိုင်ငံရေးအာဏာ၏ အထွတ်အထိပ်ဖြစ်သော အမြဲတမ်းကော်မတီ၏ အခြားအဖွဲ့ဝင်များကို ရွေးချယ်ရန် စုဝေးခဲ့ကြသည်။

အမျိုးသား ခုနစ်ဦး ပါသည့် အဆိုပါ အမြဲတမ်းကော်မတီတွင် ရှီ၏ အနီးကပ်ဆုံး မဟာမိတ်တချို့ ပါဝင်ကြောင်း ကြေညာခြင်း ခံခဲ့ရသည်။

ရှန်ဟိုင်း ပါတီအကြီးအကဲဟောင်း ဖြစ်သလို ရှီ၏ လူယုံတစ်ဦးဖြစ်သည့် လီ ချန်းကို နံပါတ်နှစ် နေရာအထိ တိုးမြှင့်ပေးခဲ့သည် ဖြစ်ရာ ၎င်းသည် လာမည့် မတ်လတွင် ပြုလုပ်မည့် အစိုးရ၏ တစ်နှစ်တာ ဥပဒေပြု အစည်းအဝေးများအတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရဖွယ် ရှိနေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုအကြာက တရုတ်နိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း ရှီသည် မော်ဇီတုန်းမှလွဲပြီး အခြား မျက်မှောက်ခေတ် တရုတ်ခေါင်းဆောင်များနှင့် မတူဘဲ အာဏာ စုစည်းမှုတစ်ရပ်ကို အောင်မြင်အောင် လုပ်ထားနိုင်ခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly