ပြင်ဦးလွင် မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီ စီစဉ်နေ

ပြင်ဦးလွင် မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီ စီစဉ်နေ

October 22

မန္တလေး(မဇ္ဈိမ) ။။ မန္တလေးတိုင်း၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မကျင်းပသင့်ကြောင်း ဝေဖန်မှုများရှိနေသည့်ကြားမှ စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

"ဒီအချိန်ဒီကာလ မလုပ်သင့်ကြောင်း ဝေဖန်နေတာတွေ ကျွန်တော်တို့လည်းပြန်ကြားပါတယ်။ ဒါပေမဲ့လည်း ညွှန်ကြားချက်က ထွက်ထားပြီးပြီ။ မဖြစ်ဖြစ်အောင် မစည်ကား စည်ကားအောင်လုပ်ရမယ်ဆိုလို့၊ ပြင်ဆင်သင့်တာ တွေပြင်ဆင်နေကြတာ" ဟု ပြိုင်ပွဲ၀င်အသင်းတစ်ခုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

နှစ်စဉ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်အတူ ကျင်းပလေ့ရှိသည့် မီးပုံးပျံပွဲတော်ကို လာမည့် နို၀င်ဘာလ ၄ ရက်နေ့မှစ၍ ၈ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပွဲတော်ကျင်းပရေးကော်မတီက ကြေညာထားသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပြည်တွင်း COVID-19 ရောဂါဖြစ်ပွားစဉ်နှင့် စစ်အာဏာသိမ်းသည့်နှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စစ်ကောင်စီက အပူတပြင်း စီစဉ်ထားခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သူများထံက သိရသည်။

"မလုပ်ဖြစ်တော့ဘူးလို့တောင် မှတ်တာပါ။ အနားနီးမှ လုပ်ဟေ့လုပ်ဟေ့ဆိုပြီး၊ ချက်ချင်းကြီး ပြင်ဆင်ခိုင်းတာ။ အခါကြီး ရက်ကြီးတွေမှာ ဘုရားဖူးအလည်အပတ်တွေများပြားနေတော့ ဒီပွဲလည်း လူစည်မယ်လို့ မျှော်လင့်တာ ထင်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားဥယျာဉ်ပန်းပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ညွှန်ကြားထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မန္တလေးတိုင်း

#ပြည်ဦးလွင်မြို့

#မီးပုံးပျံပွဲတော်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly