ပါကစ္စတန် ဆွက်တောင်ကြား၌ အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်

ပါကစ္စတန် ဆွက်တောင်ကြား၌ အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံ ဆွက်နှင့် ရှန်းဂလာခရိုင်တို့မှ ဒေသခံများသည် ၎င်းတို့ဒေသ၌ တစ်နေ့ထက်တစ်နေ့ တက်လာနေသည့် အကြမ်းဖက်မှု အခြေအနေကို ဆန့်ကျင်လျက် အောက်တိုဘာ ၁၃ ရက်က လမ်းများ ပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆွက်တောင်ကြားဒေသ၌ အကြမ်းဖက်မှု၏ အန္တရာယ်ကို တိုက်ဖျက်နိုင်ရေး ယခုထက် ပိုမိုလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်းခဲ့သည်။

၎င်းတို့၏ ဒေသဧရိယာတွင် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေသော လူစုများကို ဖြိုခွင်းနှိမ်နင်းရေး ဆန္ဒပြသူများက အာဏာပိုင်များကို တိုက်တွန်းခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ထိုဆန္ဒပြပွဲကို ပြည်တွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဆွက် ကာအူမီ လူမျိုးစုကောင်စီက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် ချားဘာ့ဂ် ဧရိယာ၏ နေရာဒေသအသီးသီးမှ လူကြီး၊ လူငယ်၊ ကလေးပါမကျန် ပါဝင်ခဲ့ကြကာ တောင်ကြားဒေသ၌ ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး တောင်းဆိုသည့် ဆောင်ပုဒ်များ ရေးသားထားသော စာတန်းများကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆွက်တောင်ကြားဒေသ၌ အကြမ်းဖက်မှုက တစ်ဖန် ပြန်ပေါ်လာခဲ့ပြန်ပြီဟု ထင်ရချိန် ဆန္ဒပြသူများက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြသလို ဆိုင်းပုဒ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တွင် အကြမ်းဖက်သမားများက ကျောင်းကားတစ်စီးကို ပစ်ခတ်ခဲ့ရာ ဒရိုင်ဘာ သေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

အာဏာပိုင်များအနေဖြင့် ၎င်းတို့ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်နေပါက မိမိတို့ကိုယ်တိုင် လက်နက်စွဲကိုင်ပြီး အကြမ်းဖက်သမားများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြီးခဲ့သည့် သီတင်းပတ် ဆွက်ခရိုင် ခါဝါဇာခီလာ ဧရိယာ မက်တာလမ်းဆုံနေရာတွင် ဆန္ဒထုတ်ဖော်စဉ် သတိပေး ပြောဆိုခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly