ရှီကျင့်ဖျင်ကို တတိယသက်တမ်းအတွက် အတည်ပြုပါက မကောင်းသောနိမိတ်ဖြစ်လိမ့်မည်ဟု လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင် ပြောကြား

ရှီကျင့်ဖျင်ကို တတိယသက်တမ်းအတွက် အတည်ပြုပါက မကောင်းသောနိမိတ်ဖြစ်လိမ့်မည်ဟု လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင် ပြောကြား

ရှီကျင့်ဖျင်ကို တတိယသမ္မတသက်တမ်းအတွက် အတည်ပြုခြင်းသည် တရုတ်အတွက်သာမကာ တစ်ကမ္ဘာလုံးအတွက်ပါ ဆိုးရွားသော နိမိတ်တစ်ခုဖြစ်လိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဒေသဆိုင်ရာဒါရိုက်တာ ဟာနာယန်းက ပြောသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကို ပေကျင်းရှိ Great Hallခန်းမတွင် အောက်တိုဘာ ၁၆ ရက်၌ ဖွင့်လှစ်ပြီးနောက် ဟာနာယန်းက ပြောကြားလာခြင်းဖြစ်သည်။ ညီလာခံကို အောက်တိုဘာ ၂၂ ရက်အထိ သီတင်းတစ်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ရှီကျင့်ဖျင်ကို တရုတ်ကွန်မြူနစ်ပါတီ CCP ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယသက်တမ်းအတွက် အတည်ပြုဖွယ်ရှိသည်။

“ရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းကို အတည်ပြုခြင်းဟာ သူ့အုပ်ချုပ်မှုအောက်မှာ လူ့အခွင့် အရေး ချိုးဖောက်မှုများစွာကို ခံစားနေရတဲ့ တရုတ်နိုင်ငံသား သန်းပေါင်းများစွာအတွက် သာမက တရုတ်အစိုးရရဲ့ ဖိနှိပ်မှုရဲ့သက်ရောက်မှုကို ခံစားရတဲ့ ကမ္ဘာတစ်ဝန်းက လူတွေအတွက် ဆိုးရွားတဲ့ နိမိတ်တစ်ခုဖြစ်လာ ပါလိမ့်မယ်” ဟု ဟာနာယန်းက အောက်တိုဘာ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်အာဏာရတဲ့ ၁၀ နှစ်အတွင်းမှာ မတရားဖမ်းဆီးချုပ်နှောင်တာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အဖွဲ့အစည်းဖွဲ့ခွင့်ကို နိုင်ငံအဝှမ်း ရက်ရက်စက်စက်နှိမ်နင်းတာ၊ ရှင်ကျန်းဒေသက မွတ်စလင်တွေကို လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တာနဲ့ ဟောင်ကောင်မှာ ဖိနှိပ်မှုတွေ အရှိန်မြင့်လာတာတို့ကို တွေ့ရပါတယ်” ဟု ဟာနာက ဆိုသည်။ ဟာနာယန်းက တရုတ်၏ဖိနှိပ်သောမူဝါဒများကို ပြစ်တင်ရှုတ်ချလျက် ရှီကျင့်ဖျင်လက်ထက် အစိုးရ၏ မူဝါဒများနှင့် လုပ်ဆောင်မှုများသည် ပြည်တွင်းသာမက ကမ္ဘာတစ်ဝန်းရှိ အခွင့်အရေးများအတွက်ပါ ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ပြောသည်။

“ပြည်ပက ဝီဂါတွေကို နှုတ်ဆိတ်စေဖို့နဲ့ အတင်းအကျပ်နေရပ်ပြန်ပို့ဖို့ အစိုးရရဲ့ လှုပ်ရှားမှုကစလို့ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ်ကို ပြင်ဆင်ဖွင့်ဆိုဖို့ ကြိုးပမ်းမှုတွေအထိ တရုတ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု အတိုင်း အတာဟာ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်လာပါတယ်” ဟု ဟာနာယန်းက ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ ၅ နှစ်တစ်ကြိမ်ကျင်းပသော အမျိုးသား ညီလာခံကို အောက်တိုဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့ပြီး သေချာပေါက် နောက် ၅ နှစ်သက်တမ်း ဆက်တိုးဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required