တရုတ်က နယ်စပ်ဂိတ်ကို ကြိုတင်အသိမပေးဘဲ ပိတ်ဆို့မှုကြောင့် နီပေါစီးပွားရေးသမားများ နစ်နာ

တရုတ်က နယ်စပ်ဂိတ်ကို ကြိုတင်အသိမပေးဘဲ ပိတ်ဆို့မှုကြောင့် နီပေါစီးပွားရေးသမားများ နစ်နာ

တရုတ်က တာတိုပါနီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပိတ်ဆို့လိုက်မှုကြောင့် နီပေါ စီးပွားရေးသမားများကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ကာ တချို့မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည် ကြသလို အများအပြားမှာ ၎င်းတို့စီးပွားရေးကို စွန့်ခွာသွားကြသည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက တရုတ်နယ်စပ်နှင့် နီပေါကုန်သွယ်မှုကို ထိခိုက်ခဲ့ကြောင်း EPARDAFAS သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နီပေါသည် သွင်းကုန်ပို့ကုန်တန်ဖိုး ရူပီး ၂၀-၂၅ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအတွက် နှစ်စဉ် ရူပီး ၅ ဘီလီယံ ဝင်ငွေရနေသည့် နယ်စပ်ဂိတ်ကို ယခုအချိန်တွင် စွန့်ပစ်ထားရသည်။ ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လီကျန်းရှုသည် နီပေါနိုင်ငံသို့ လာရောက်ပြီးခါစ စက်တင်ဘာ ၁၅ ရက်က နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့သော်လည်း အပြည့်အဝဖွင့်ပေးခြင်းမျိုးမဟုတ်ပေ။ အဆိုပါဂိတ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာလှုပ်ရှားမှုများ မြန်မြန်ဆန်ဆန်လုပ်ဆောင်သည်ကို မတွေ့မြင်ရပေ။

တရုတ်သည် နယ်စပ်ဂိတ်ကို ဖွင့်ရန် စိတ်မဝင်စားသောကြောင့် စီးပွားရေးသမားအများစုက စိုးရိမ်နေကြသည်။ ဆင်ဒူပါချော့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဟောင်း ရာဂျန်ဒရာကူးမားရှရတ်သာက တာတိုပါနီနယ်စပ်ကုန်သွယ်ဂိတ်ကို ဖြတ်၍ စီးပွားရေးလုပ်သော လုပ်ငန်းရှင်အရေအတွက်သည် ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုသည်။

နီပေါပြည်သူများသည် စီးပွားရေးဒုက္ခများကိုလည်း ရင်ဆိုင်နေရကာ နယ်စပ်ရှိ ပြည်သူများ၏ ဘဝမှာလည်း အလားတူဖြစ်သည်။ နယ်စပ်၌ ကုန်ကူး၍ နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုလာသူများသည် အလုပ်ရှာရန် ပြည်ပသို့ ထွက်ခွာကုန်ကြသည်။ ငွေရေးကြေးရေးအခြေအနေ ခက်ခဲလာကြသောကြောင့် လုပ်ငန်းရှင်များသည် စိတ်ဖိစီးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများရှိသည်ဟု EPARDAFASက ဖော်ပြခဲ့သည်။

လုပ်ငန်းရှင်များသည် ၎င်းတို့ ကုန်ပစ္စည်းများ နယ်စပ်တွင် လပေါင်းများစွာ သောင်တင်နေကာ ချေးငွေများလည်း အလွန်အမင်း များပြားနေပြီး ထောင်ချောက်နှစ်ထပ်ထဲ ရောက်နေကြသည်။

တရုတ်က ကြိုတင်ကြေညာခြင်းမရှိဘဲ နယ်စပ်ဂိတ်ကို ပိတ်လိုက်မှုကြောင့် နှစ် ၂၀ ကြာမျှ လုပ်ငန်းလည်ပတ်နေသော ကုန်တင်ယာဉ် ၁၄၀၀၊ ကားမောင်းသမား ၂ ၈၀၀ နှင့် အလုပ်သမားမိသားစုဝင် ၅ ၀၀၀ တို့ကို အလုပ်လက်မဲ့ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required