ပါကစ္စတန်သည် ကမ္ဘာတွင် အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ဟု ဘိုင်ဒင် ပြော

ပါကစ္စတန်သည် ကမ္ဘာတွင် အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ဟု ဘိုင်ဒင် ပြော

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်နိုင်ကြောင်းနှင့် အဆိုပါနိုင်ငံသည် စည်းလုံးညီညွတ်မှု မရှိဘဲ နျူကလီးယား လက်နက်များ ရှိနေသည့် နိုင်ငံဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။

ဘိုင်ဒင်သည် အောက်တိုဘာ ၁၃ ရက်က ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်ဆိုင်ရာ မဲဆွယ် စည်းရုံးရေး ကော်မတီ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါမှတ်ချက်စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။

“ပါကစ္စတန်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တ ထင်ပါတယ်။ အဲဒီနိုင်ငံမှာ စည်းလုံးညီညွတ်မှုမရှိဘဲ နျူကလီးယား လက်နက်တွေ ရှိနေပါတယ်” ဟု ဘိုင်ဒင်က ပြောကြောင်း အိမ်ဖြူတော် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် မိန့်ခွန်းမှတ်တမ်းတစ်ခုတွင် ဖော်ပြသည်။

အမေရိကန်သမ္မတသည် ကမ္ဘာတစ်ဝန်း ပြောင်းလဲနေသော ပထဝီနိုင်ငံရေး အခြေအနေ အကြောင်းအရာခေါင်းစဉ်အောက်တွင် အထက်ပါ မှတ်ချက်များကို ပြောခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကြီးသည် အလျင်အမြန် ပြောင်းလဲနေပြီး နိုင်ငံများသည် ၎င်းတို့၏ မဟာမိတ်ဖွဲ့မှုများကို ပြန်လည်သုံးသပ်နေကြောင်း ဘိုင်ဒင်က ပြောသည်။ “တကယ်တမ်းမှာတော့ နိုင်ငံတကာက ကျွန်တော်တို့ကို အလေးထားကြည့်နေတယ်ဆိုတာကို ကျွန်တော် တကယ် ယုံကြည်ပါတယ်။ ဟာသ မဟုတ်ပါဘူး။ ယုတ်စွအဆုံး ကျွန်တော်တို့ရဲ့ ရန်သူတွေတောင်မှ ကျွန်တော်တို့ ဒါကို ဘယ်လို တွက်ဆသလဲ၊ ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာကို နားလည်နိုင်ဖို့ ကျွန်တော်တို့ကို အလေးထား ကြည့်ရှုနေပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly