မင်းလှ ခံတပ်ကြီး ရေတိုက်စားမှုခံနိုင်သည့် သက်တမ်းရင့် လက်ပံ့ပင် သင်းသတ်ခံရပြီး ထုံးဖြူသုတ်ထား

မင်းလှ ခံတပ်ကြီး ရေတိုက်စားမှုခံနိုင်သည့် သက်တမ်းရင့် လက်ပံ့ပင် သင်းသတ်ခံရပြီး ထုံးဖြူသုတ်ထား
ဓါတ်ပုံ -ရဲထွန်းဇော်

မင်းလှ၊ ဖေဖော်ဝါရီ   ၂၈ ။            ။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ခဲ့ရာတွင် အထူးထင်ရှားခဲ့သော သမိုင်းဝင် မင်းလှခံတပ်ကြီး၏   နှစ်စဉ်မြစ်ရေတိုက်စားမှုဒဏ်ကို  ကြံ့ကြံ့ခံအကာအကွယ်ပေးခဲ့သည့် သက်တမ်းရင့် လက်ပံပင်ကြီးသည် ဖေဖော်ဝါရီလအတွင်းက စနစ်တကျ မီးရှို့သင်းသတ်ခြင်းခံခဲ့ရပြီး၊ ယခုအခါ သင်းသတ်ထားသည့် ဒဏ်ရာကို ရွှံ့စေးများဖြင့်ဖို့၍ ထုံးဖြူသုတ်ထားကြောင်း သရက်ခရိုင်၊မင်းလှမြို့ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီမြစ်ကမ်းထိပ်တွင် တည်ရှိသော မင်းလှခံတပ်ကြီးသည် နှစ်စဉ်မြစ်ရေတိုက်စားမှုကို ခံစားနေရပြီး၊ ရေတိုက်စားမှုကို အကာအကွယ်ပေးခဲ့သော ခံတပ်၏ အရှေ့ဘက်မျက်နှာစာမှ လက်ပံပင်ကြီး၏ အောက်ခြေပတ်လည်ကို ခုတ်ထစ်ကာ မီးမြိုက်ခဲ့သည်ကို ယခုလအတွင်း တွေ့ခဲ့ရသည်ဟု မင်းလှမြို့ဒေသခံ ဒေါက်တာ ရဲထွန်းဇော်က မဇ္ဈိမသို့ ပြောကြားသည်။

"မင်းလှခံတပ်ကြီးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။ မကွေးတိုင်းအတွင်း ရေကြီးစဉ်တုန်းကလည်း ဒီအပင်ကြီးရှိနေလို့ အတော်သက်သာခဲ့တယ်။ လာမယ့် မိုးရာသီမှာ မြစ်ကမ်းပါးရေတိုက်စားတဲ့အခါ ကုပ်တွယ်ပေးထားမယ့် အပင်ကြီးမရှိတော့တဲ့အတွက် မင်းလှခံတပ်ကြီးရဲ့ အရှေ့ဘက်နဲ့မြောက်ဘက် အစိပ်အပိုင်း တစ်ချို့ မြစ်ထဲကို ပြိုကျသွားမှာ စိုးရိမ်ရတယ်။" ဟု ၎င်းက ပြောသည်။

"ဖေဖော်ဝါရီ(၂၅)ရက်နေ့မှာ မကွေးတိုင်းဝန်ကြီးချုပ်လာမယ်ကြားတော့ သင်းသတ်ထားတဲ့ လက်ပံပင်ကြီးကို ရွှံ့စေးတွေ ဖို့ပြီး၊လူတစ်ရပ်လောက် ထုံးဖြူတွေသုတ်ထားတယ်။ အဝေးကကြည့်ရင် ဘာမှမသိသာဘူးပေါ့။ သင်းသတ်ခံထားရတဲ့အပင်ကြီးကတော့ တဖြည်းဖြည်းသေဖို့ပဲ ရှိတယ်။ ပြန်မရှင်နိုင်တော့ဘူး။ သင်းသတ်ပြီးမှ လူမရိပ်မိအောင် စနစ်တကျပုံဖျက်ခဲ့တဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်။" ဟု ဒေါက်တာရဲထွန်းဇော်က ဆိုသည်။

မင်းလှမြို့နယ်၊ သစ်တောဦးစီးဋ္ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လှိုင်ဆွေက "ရှေးဟောင်းသုတေသနက ထိန်းသိမ်းထားတဲ့နေရာဆိုတော့ ကျွန်တော်တို့မှာ စီမံခန့်ခွဲပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ဋ္ဌာနကို လက်ပံပင်သင်းသတ်တဲ့ကိစ္စကို အသိပေးအကြောင်းကြားခဲ့တာ လုံးဝ မရှိဘူး။ ဒေါက်တာရဲထွန်းဇော် ပြောမှ သိရတာ။ သင်းသတ်ခံရတဲ့ လက်ပံပင်ကြီး ပြန်ရှင်နိုင်သလားဆိုတာ ဝန်ထမ်းတွေကို ကွင်းဆင်းစစ်ဆေးခိုင်းထားပါတယ်။ သူတို့ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာတော့ မသိပါဘူး။ ရပ်ကွက်နေထိုင်သူတွေကတော့ ခုတ်ရဲမယ်မထင်ဘူး။ မြို့ရဲ့အလှအပကို ဖျက်ဆီးခဲ့တဲ့အတွက် သက်ဆိုင်ရာဋ္ဌာနတွေနဲ့ ညှိနှိုင်းတင်ပြပြီး တရားခံဖော်ထုတ် တရားစွဲဆိုသွားမယ်။" ဟု ပြောပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းရှေးဟောင်းသုတေသနဋ္ဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ  "သစ်ပင်ကြီး သင်းသတ်ခဲ့တဲ့ကိစ္စကို ကျွန်တော်တို့ ညွှန်ကြားခဲ့တာ မဟုတ်ပါဘူး။ သစ်ပင်တွေ မခုတ်ဖို့တောင် ကျွန်တော်က သတိပေးခဲ့ပါသေးတယ်။ အဲဒါက ခံတပ်က တာဝန်ခံဒုဦးစီးမှူးက မသိလို့ လုပ်ခဲ့တာ။ သူ့ကို သတိပေးအရေးယူ ဆောင်ရွက်ထားပါတယ်။ ရွှံ့စေးတွေ၊ ထုံးတွေ လုပ်တယ်ဆိုတာ အပင်သင်းသတ်ထားတာကို အပင်မသေနိုင်အောင် ပြန်လုပ်တဲ့သဘောနဲ့တူပါတယ်။ " ဟု တိုင်းလက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်က ပြောကြားသည်။ 

၁၈၈၅)ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် အင်္ဂလိပ်စစ်တပ်က ဗိုလ်မှူးကြီး ဆန်ဖို့ဒ် ဦးဆောင်သည့်အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် မင်းလှခံတပ်ကြီး၏ အရှေ့ဘက်က နံရံ ပျက်စီးခဲ့သည်။ ထို့ကြောင့် ရေတိုက်စားမှုလျော့နည်း စေရန် ထုထည်ကြီးမားသည့် ရေထိန်းကာတာကြီးများနှင့် သဘာဝအကာအကွယ်ဖြစ်သည့် သစ်ပင်ကြီးများလည်း ရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

ခရစ်နှစ် (၁၈၆၀)ခုနှစ်တွင် စတင်တည်ဆောက်လုပ်ခဲ့သော မင်းလှခံတပ်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၅၆) နှစ်ရှိနေပြီဖြစ်ပြီး၊ မကွေးတိုင်းအတွင်း နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများ အများဆုံးဝင်ရောက် လေ့လာသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly