စစ်မဲ့ဇုန် ရေပြင်ဆီ မြောက်ကိုရီးယားက အမြောက် တရစပ်ပစ်ခတ်၍ တောင်ကိုရီးယား ပြစ်တင် 

စစ်မဲ့ဇုန် ရေပြင်ဆီ မြောက်ကိုရီးယားက အမြောက် တရစပ်ပစ်ခတ်၍ တောင်ကိုရီးယား ပြစ်တင် 
Photo - AFP

အောက်တိုဘာ ၁၉

တင်းမာမှု လျှော့ချရေးအတွက် ၂၀၁၈ ခုနှစ်က ချမှတ်ထားသော “စစ်မဲ့ဇုန်” ရေပြင်ကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယားသည် အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကမ်းလွန်ရေပြင်ဆီ အမြောက်များ တရစပ် ပစ်ခတ်ခဲ့ခြင်းအတွက် တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြစ်တင်ဝေဖန်သည်။ 

မြောက်ကိုရီးယားအနေဖြင့် မကြာသေးသော သီတင်းပတ်များအတွင်း ဒုံးကျည်ပစ်ခတ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လျက် ရှိပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်သည် နိုင်ငံ၏ ခုနစ်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအတွက် ပြင်ဆင်နေသည်ဟု ပြောထားကြသည်။ 

အင်္ဂါနေ့နှောင်းပိုင်းက မြောက်ကိုရီးယားသည် အမြောက် အချက် ၂၅၀ နီးပါးကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ပြောပြီး ယင်းသည် ၂၀၁၈ သဘောတူညီချက်ကို “ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း” ဟု ပြောဆိုသည်။ 

“မြောက်ကိုရီးယားကို သူ့ လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်”ဟု စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“မြောက်ကိုရီးယားရဲ့ ဆက်လက် ရန်ဆွတာတွေက ကိုရီးယားကျွန်းဆွယ်နဲ့ နိုင်ငံတကာ အသိုင်းအဝန်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယိုင်နှဲ့နေတယ်”ဟု ယင်းက ဖြည့်စွက်ဆိုသည်။ 

နယ်စပ်တလျှောက် မြောက်ကိုရီးယားကို ဆန့်ကျင်သော ရန်သူ စစ်ရေးလေ့ကျင့်မှုကို တန်ပြန်ရန် ရည်ရွယ်ပြီး အမြောက်များ ပစ်ခတ်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

တောင်ကိုရီးယားစစ်တပ်သည် ရှေ့တန်းဧရိယာတွင် ဒုံးလောင်ချာမျိုးစုံ ဒါဇင်များစွာကို ပစ်ခတ်ခဲ့ကြောင်း ကိုရီးယား ပြည်သူ့စစ်တပ် ဦးစီးချုပ်ရုံးမှ ပြောခွင့်ရသူက ဆိုကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ထုတ်ပြန်သည်။ 

“အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက ကိုရီးယားပြည်သူ့စစ်တပ်ဟာ ခြိမ်းခြောက်မှုကို တွေ့ရှိပြီး စစ်ရေးတန်ပြန် လုပ်ငန်းစဉ်အနေနဲ့ အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ပင်လယ်ထဲ သတိပေး ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်”ဟု ယင်း သတင်းက ဖော်ပြသည်။ 

ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်ကိုရီးယားသည် စစ်မဲ့ဇုန်ထဲ အမြောက်များ ပစ်ခတ်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required