ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခံရ

By Devdiscourse
14 October 2022
ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦးကို အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းသည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၉ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ Duniya News က ဖော်ပြသည်။

ဆင်းဒ်ပြည်နယ် လာကာနာမြို့ရှိ ဂျမီရာ အစ္စလမ်မီယာ မက်စ်ဂျစ် ဗလီတွင် ဂျမက် အူလီမာ-အီ-ဆင်းဒ် ပါတီ၏ အထွေထွေအတွင်းရေးမှူး မော်လာနာ ရာရှစ်ဒ် မာမွတ် ဆူမရိုက အောက်တိုဘာ ၉ ရက်တွင် ဟိန္ဒူဘာသာဝင်

လူငယ်အမျိုးသား အာဂျေး ကူးမားကို အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ဘာသာအယူကူးပြောင်းမှု အခမ်းအနား ဓာတ်ပုံတွင် ဘာသာကူးပြောင်းခိုင်းခံရသူသည် မပျော်မရွှင် ဖြစ်နေပုံကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

ပါကစ္စတန်တွင် အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းမှုများနှင့် အတင်းအကျပ် လက်ထပ်ပေးစားမှုများက လူနည်းစု အမျိုးသမီးများကို အန္တရာယ်အောက် ကျရောက်စေသလို လူနည်းစု အမျိုးသမီးများအတွက် အခွင့်အရေးများ ရယူရေး ကိစ္စသည် ထိုနိုင်ငံတွင် အထူးတလည် ရှုပ်ထွေးလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လကလည်း အာနီတာ အမည်ရှိ ခရစ်ယာန်ဘာသာဝင် မိန်းကလေးငယ်တစ်ဦးကို မွတ်စလင်ဘာသာဝင်အမျိုးသားတစ်ဦးဖြစ်သည့် မိုဟာမက် ဝါဆင်းမ်က ဘဟာဝယ်ပူရ် ခရိုင် ယက်ဇ်မန်းမြို့မှ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိုဟာမက် ဝါဆင်းမ်က သူမကို စာရွက်တစ်ရွက်ပေါ်တွင် လက်ဗွေနှိပ်ခိုင်းပြီး အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခဲ့သည်ဟု အာနီတာက ပြောသည်။ ထို့ပြင် ၎င်းကိုလည်း သူမ၏ ခင်ပွန်းအဖြစ် အတင်းအကျပ် လက်ခံခိုင်းခဲ့သည်ဟု ဆိုသည်။ ဝါဆင်းမ်သည် အာနီတာကို အခန်းတစ်ခုတွင် သော့ခတ်ပိတ်လှောင်ခဲ့ပြီး မကြာခဏ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required