အာဖဂန်နစ္စတန်တွင် ဗုံးကွဲမှုများဖြစ်၍ လူ ၂၅ ဦးသေဆုံးရာ လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်

အာဖဂန်နစ္စတန်တွင် ဗုံးကွဲမှုများဖြစ်၍ လူ ၂၅ ဦးသေဆုံးရာ လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်

ကဘူးလ်၊ ဖေဖော်ဝါရီ ၂၈ ။           ။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း မြို့တော်ကဘူးလ်အပါအဝင် မြို့များတွင် ဖေဖော်ဝါရီ ၂၇ ရက်က ဗုံးခွဲတိုက်ခိုက်မှု နှစ်ရပ်ဖြစ်ပွားရာ လူ ၂၅ ဦးသေဆုံးခဲ့ပြီး ယင်းပေါက်ကွဲမှုများက လာမည့်လတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တာလီဘန်များသို့ ပါဝင်ရန် ဖျောင်းဖြသွားရေး ကြိုးစားမှုများကို ထိခိုက်စေခဲ့သည်။

ကဘူးလ်အလယ်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနအနီး တိုက်ခိုက်မှုအတွက် ၎င်းတို့လုပ်ဆောင်ကြောင်း တာလီဘန်များက အတည်ပြုသည်။ "ဒီပေါက်ကွဲတိုက်ခိုက်မှုမှာ လူ ၁၂ ဦးသေဆုံးပါတယ်။ အာဖဂန်စစ်သားနှစ်ဦးပါတယ်။ ဒဏ်ရာရသူက ရှစ်ဦးရှိတယ်။"ဟု ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။ သို့သော် ကဘူးလ်ရဲအကြီးအကဲ သေဆုံးသူမှာ ကိုးဦးနှင့် ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု အစောပိုင်းက ပြောထားသည်။

ယင်းနေရာကို ဗုံးခွဲတိုက်ခိုက်သူသည် ခြေလျင်သက်သက် ရောက်ရှိဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အနောက်ကျောထောက်နောက်ခံပြုသည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမတိုင်မီတွင် တာလီဘန်တို့က ၎င်းတို့၏ အရှိန်အဝါကို ပြရန်အတွက် မြို့တော် ဗဟိုချက်နေရာများတွင် တိုက်ခိုက်မှုများ ဆင်နွှဲလာလိမ့်မည်ဟု အကဲဖြတ်များက ယခင်ကတည်းက ခန့်မှန်းထားသည်။

ကူနာပြည်နယ်၏ မြို့တော် အဆတ်ဒါဘတ်ရှိ ဈေးတစ်ဈေးတွင်လည်း ဆိုင်ကယ်သမားတစ်ဦးက အသေခံဗုံးခွဲခြင်းကြောင့် လူပေါင်း ၁၃ ဦး သေဆုံးကာ ၃၉ ဦး ဒဏ်ရာရခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွက်မူ မည်သည့်အဖွဲ့ကမှ လုပ်ဆောင်သည်ဟု ပြောကြားလာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly