ရွှေပြည်သာတွင် ဂတ်စ်ပိုက်လိုင်းပေါက်ကာ မီးလောင်မှုကြောင့် လ္ဘက်ရည်ဆိုင် နှင့် ဂိုဒေါင်မီးလောင်

ရွှေပြည်သာတွင် ဂတ်စ်ပိုက်လိုင်းပေါက်ကာ မီးလောင်မှုကြောင့် လ္ဘက်ရည်ဆိုင် နှင့် ဂိုဒေါင်မီးလောင်
(ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။              ။ ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီး အုပ်ဖိုကျေးရွာအုပ်စု ဘိုရှည်ကုန်းကျေးရွာ ၈/၁ ညောင်ပင်သာ လမ်းထိပ် သံဖြူဆိုင်မှတ်တိုင်အနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅နာရီ မိနစ် ၄၀ အချိန်က ဂတ်(စ်)ပိုက်လိုင်းပေါက်၍ ဘေးအိမ်များသို့ မီးကူးပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ရွှေစည်ကဖီးဆိုင်နှင့် ဂိုဒေါင်တစ်လုံး မီးကူးဆက်လောင်ကျွမ်းခံခဲ့ရသည်။

ယင်းမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 3 သတ်မှတ်ခဲ့ပြီး ၆း၂၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်းကျွမ်းရာသို့ မီးငြိမ်းသတ်ယဉ် ၃၆စီး ရေသယ်ယဉ် ၈စီး အုပ်ချုပ်မှုယဉ် ၇စီး အထောက်အကုပြုယဉ် ၄စီးတို့ဖြင့် သနဓေမီးသတ် ၃၂၅ဦး အရံမီးသတ် ၁၁၀ဦး ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"ဆက်ထားတဲ့ ပိုက်လိုင်းက ဆွေးပြီးထပေါက်တာပါ။ အပေါ်က ဂတ်စ်ပိုက်လိုင်းကူးပြီးလောင်တာကနေ ဘေးက ဆိုင်နဲ့ ဂိုဒေါင်ကိုကူးလောင်တာပါ" ဟု ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သိန်း၃၀ ဖိုးပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ခံရသည့် ကော်ဖီဆိုင်မှ TV၊ ဘီဒို၊ စားသောက်ကုန်များ၊ အသုံးအဆောင်များ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ရွှေပြည်သာ မီးသတ်တပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly