ယူကရိန်းမြို့တော်၌ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ လူသေဆုံးမှု ဖြစ်ပေါ်၊ ရုရှ စစ်လေယာဉ် ပျက်ကျမှုဖြစ်ပွား

ယူကရိန်းမြို့တော်၌ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ လူသေဆုံးမှု ဖြစ်ပေါ်၊ ရုရှ စစ်လေယာဉ် ပျက်ကျမှုဖြစ်ပွား

အောက်တိုဘာလ ၁၈ ရက်

ရုရှသည် ယူကရိန်း၏ မြို့တော် ကိယက်ဗ်ကို ကာမီကာဇီ ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း အပါအဝင် အောက်တိုဘာ ၁၇ ရက်က ယူကရိန်းနိုင်ငံအနှံ့ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ လူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ရသလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုရှ စစ်လေယာဉ်တစ်စင်းလည်း နယ်စပ်အနီး ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

စစ်လေယာဉ်သည် ရုရှနိုင်ငံ အနောက်တောင်ပိုင်း မြို့တစ်မြို့ ဖြစ်သည့် ယက်စ်ခ်မြို့၏ လူနေဧရိယာတစ်ခုတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရုရှ အာဏာပိုင်တို့က ပြောသည်။

အဆိုပါ စစ်လေယာဉ် ပျက်ကျမှုကြောင့် ကလေး သုံးဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးကြောင်း ရုရှ သတင်းအေဂျင်စီများက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေသည့်လုပ်ငန်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရုရှအစိုးရသည် ဆောင်းရာသီ မတိုင်မီ ယူကရိန်း၏ စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်သည့် ပြစ်ဒဏ်ခတ်သော မူဝါဒတစ်ရပ်ကို ဖော်ဆောင်ရင်း ယူကရိန်း၌ ဆင်နွှဲနေသော ရှစ်လကြာ စစ်ပွဲအတွင်း စစ်မြေပြင် အရေးနိမ့် ထိခိုက်ဆုံးရှုံးမှုများကို တန်ပြန်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ယူကရိန်း၏ ခုခံတိုက်ခိုက်မှုများကို အားနည်းသွားစေလိမ့်မည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က မျှော်လင့်နေပုံရသည်။

ရုရှသည် ဆမ်မီ နှင့် အလယ်ပိုင်း ဒီနစ်ပရိုပတ်ထရော့ဗ်စ် ဒေသများရှိ စွမ်းအင်အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို ကိယက်ဗ်တွင် တိုက်ခိုက်မှု ငါးခု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်နစ် ရှင်မ်ယဲလ်က ပြောသည်။ စွမ်းအင် အဆောက်အအုံများ တိုက်ခိုက်ခံရ၍ ရာနှင့်ချီသော မြို့၊ ကျေးရွာများတွင် ဓာတ်အားပြတ်တောက်သွားစေခဲ့ကြောင်း သိရသည်။

ရုရှ၏ တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်တွင် ကလေးမွေးဖွားတော့မည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲ အပါအဝင် လူ လေးဦး သေဆုံးသလို အရှေ့မြောက် ဆမ်မီ ဒေသတွင် နောက်ထပ် လူလေးဦး သေဆုံးကြောင်း ယူကရိန်းတာဝန်ရှိသူတို့က ပြောသည်။

တစ်ချိန်တည်းမှာပင် အီရန်သည် ရုရှကို ဒရုန်းများ ထောက်ပံ့ပေးအပ်နေကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက စွပ်စွဲလိုက်ပြီး အီရန်အပေါ် အရေးယူဒဏ်ခတ်ရေး ဥရောပသမဂ္ဂ (အီးယူ) ကို တိုက်တွန်းတောင်းဆိုလိုက်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly