အသက်အရွယ်နဲ့အမျှ ရည်မှန်းချက်ပိုကြီးလာတယ်ဆိုတဲ့ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာ

အသက်အရွယ်နဲ့အမျှ ရည်မှန်းချက်ပိုကြီးလာတယ်ဆိုတဲ့ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာ

ရီးယဲလ်မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူးဟာ တနင်္လာနေ့က ဘလွန်းဒီအော်ဆု (Ballon d'Or) ကို လက်ခံရရှိရင်း သူ့အနေနဲ့ အသက်အရွယ်နဲ့အမျှ ရည်မှန်းချက်ပိုကြီးလာတယ်လို့ ကာရင် ဘန်ဇီမာက ပြောပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဒီဇင်ဘာမှာ အသက် ၃၅ နှစ်ပြည့်မယ့် ဘန်ဇီမာဟာ လီယွန်နယ် မက်ဆီထက် ၅ လ ပိုကြီးပါတယ်။ အာဂျင်တီးနားသားဟာ ပြီးခဲ့နှစ်က ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံး တစ်ဦးချင်းဆုကို ခုနစ်ကြိမ်မြောက် ရရှိခဲ့ပါတယ်။

တကယ်တော့ ဘန်ဇီမာဟာ အင်္ဂလန်ရဲ့ စတန်လေ မက်သယူးစ်က ၁၉၅၆ ခုနှစ်မှာ ပထမဆုံး ဘလွန်းဒီအော်ဆုကိုရ ရှိခဲ့ပြီးနောက်ပိုင်း အသက်အကြီးဆုံး ဆုရှင်ပါ။

"ဒီဆုဖလားကို ရဖို့ဆိုတာ ကျနော့်စိတ်ထဲမှာ အမြဲရှိနေပေမယ့် ကျနော် အသက် ၃၀ ပြည့်ပြီးကတည်းက ရည်မှန်းချက်က ပြောင်းလဲသွားတာပါ"လို့ ပါရီမြို့ရှိ Chatelet ပြဇာတ်ရုံမှာ ကြယ်ပွင့်ကစားသမားတွေ ပါဝင်တဲ့ အခမ်းအနားတစ်ခုမှာ ဆုရယူပြီးနောက် ဘန်ဇီမာက ပြောပါတယ်။

ဘန်ဇီမာဟာ ၂၀၀၉ မှာ လိုင်ယွန်ကနေ ရီးယဲလ်မက်ဒရစ်ကို ရောက်ရှိလာတုန်းက အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။ သူဟာ အသက် ၃၀ နှစ်အရွယ်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း သူ့ရဲ့ ဆုကို စပိန်မြို့တော်ဆီ သယ်ဆောင်လာခဲ့တာပါ။

“အဲဒီနောက်မှာတော့ ရည်မှန်းချက်က ကျနော့်ခေါင်းထဲကို ဝင်လာခဲ့တယ်။

“ရည်မှန်းချက်ဆိုလိုတာက ပိုကြိုးစားပြီး ကျနော့်အသင်းအတွက် ခေါင်းဆောင်တစ်ယောက်ဖြစ်ရင်း ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တဲ့ မက်ဒရစ်အတွက် ကစားပေးရတာ ကံကောင်းပါတယ်။

"ကျနော် အသက် ၂၁ နှစ် ဒါမှမဟုတ် ၂၂ နှစ်တုန်းကနဲ့ ဒီနေ့ ကျနော့်မှာ တူညီတဲ့ ရည်မှန်းချက် မရှိခဲ့ပါဘူး။"

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၆)ပွဲမှာ (၄၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းအတွက် ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

သူဟာ လက်ရွေးစင်အသင်းဖောင်ဟောင်း ဗယ်လ်ဘူနာပါဝင်တဲ့ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို အကြောင်းပြပြီး ငွေညှစ်ဖို့ ကြိုးပမ်းခဲ့မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ပြင်သစ်အသင်းကနေ ငါးနှစ်ခွဲကြာ အပယ်ခံဖြစ်ခဲ့ရတဲ့ ကစားသမားတစ်ဦးအတွက် မေ့မရနိုင်တဲ့ ကစားသမားဘ၀ ပြန်လည်နိုးထစေမှုနဲ့အတူ နေရှင်းလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

“ကျနော် နိုင်ငံအသင်းအတွက် မကစားရတဲ့ ခက်ခဲတဲ့အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပြီး တခြားသူတွေဟာ သူတို့နိုင်ငံအတွက် ကစားဖို့ အဝေးမှာ ရှိနေခဲ့တာကြောင့် ဗယ်ဒီဘစ် (ရီးယဲလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်း) မှာ တစ်ယောက်တည်း နေခဲ့ရတာပါ။

"ကျနော် လုပ်ခဲ့တဲ့အလုပ်အတွက် အရမ်းပျော်ပြီး အရမ်းဂုဏ်ယူမိပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly